မိုဆိုရွာ ခရစ်စမတ်အကြို သတ်ဖြတ်မှုများ

Myanmar Witness

20 Jul 2022

Report Published:

5.png
4.png
3.png

မိုဆိုရွာ ခရစ်စမတ်အကြို သတ်ဖြတ်မှုများ


အနှစ်ချုပ်


၂၀၂၁ ခုနှစ်​ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော လူအများအပြားအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် စပ်လျဥ်းသည့် ရုပ်ပုံများကို Myanmar Witness က မှတ်တမ်းတင်၊ အတည်ပြုနိုင်ခဲ့သည်။ သေဆုံးသူများ၏ ခန္ဓာကိုယ်ရုပ်အလောင်းပေါင်း ၃၀ ကျော်တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းသတ်ဖြတ်မှုအဖြစ်အပျက်သည် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ မိုဆိုရွာအနီးတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Myanmar Witness က အတည်ပြုနိုင်ခဲ့သည်။​


ယင်းအဖြစ်အပျက်ကို စုံစမ်းမှုတစ်လျှောက်လုံးတွင် မီးလောင်ကျွမ်းဒဏ်ရာဖြင့်သေဆုံးထားသော ရုပ်အလောင်းများပါဝင်သည့် မော်တော်ယာဥ်အမြောက်အများကိုပြသထားသည့် ဓါတ်ပုံများနှင့် ဗွီဒီယိုများကို Myanmar Witness က မှတ်တမ်းယူနိုင်ခဲ့သည်။​ ဒေသခံများထံမှ ပြောကြားချက်များအရ အခင်းဖြစ်သည့်နေရာတွင် မော်တော်ယာဥ် ၈ စီး၊ ဆိုင်ကယ် ၅ စီးနှင့်အတူ သေဆုံးသူရုပ်အလောင်း ၃၅ ဦးတို့ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ Myanmar Now ၏ ဖော်ပြချက်အရ သေဆုံးသွားသူများထဲတွင် ကလေးငယ်များလည်းပါဝင်ကြောင်းသိရသည်။ Myanmar Witness ၏ ဤအစီရင်ခံစာသည် အခင်းအ ဖြစ်အပျက်ကို အတည်ပြုခြင်း၊ အခင်းဖြစ်ပွားရာနေရာတွင် Myanmar Witness ရယူထားသည့်၊ မီးလောင်ကျွမ်းနေသော မော်တော်ယာဥ်များထံမှ လူအများ ထွက်ခွာသွားသည့်ပုံများပါဝင်သည့် ရုပ်သံမှတ်တမ်းများစသည်တို့ကို စိစစ်သုံးသပ်ခြင်းများအပါအဝင် ယင်းသို့ သတ်ဖြတ်ကြောင်းစွပ်စွဲချက်များ အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှ တွေ့ရှိလာသည့် ကနဦးတွေ့ရှိချက်များကို ဖော်ပြထားခြင်းဖြစ်သည်။


Myanmar Witness သည် အခင်းဖြစ်ပွားရာနေရာမှရရှိလာသည့် ဓါတ်ပုံများနှင့် ရုပ်သံမှတ်တမ်းများ၏ ပထဝီတည်နေရာအတည်ပြုသတ်မှတ်ခြင်း ​(Geolocation) တို့မှတစ်ဆင့် ယင်းအဖြစ်အပျက်ကို အတည်ပြု နိုင်ခဲ့သည်။ အခင်းဖြစ်ပွားသည့်အချိန်ကို အရင်းအမြစ်အမျိုးမျိုးတို့အားအသုံးပြုကြည့်ရှုပြီး အတည်ပြု နိုင်ခဲ့ခြင်းဖြစ်သည်။ နာဆာအဖွဲ့၏ မီးလောင်မှုသတင်းအချက်အလက် အရင်းအမြစ်စီမံခန့်ခွဲမှုစနစ် (Fire Information for Resource Management System – FIRMS) ပါ ဒေတာအချက်အလက်များအရ ၂၀၂၁ ခု နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ဒေသစံတော်ချိန် ၁၃ နာရီ ၁၉ မိနစ် (GMT အချိန် 0648 နာရီ) တွင် မီးလောင်မှုများ ဖြစ်ပွားကြောင်း ဖော်ပြထားသည်။ ပထဝီတည်နေရာ စိစစ်သတ်မှတ်မှုဖြင့်အတည်ပြုခဲ့သည့် ယင်း မီးလောင်မှုများဖြစ်ပွားရာနေရာအထက်မှ ဒရုန်းဖြင့်ရိုက်ကူးခဲ့သည့် ပုံရိပ်များအရ မီးသည် ဒေသစံတော် ချိန် ၁၂၀၀ နာရီတွင် လောင်ကျွမ်းနေခဲ့ခြင်းဖြစ်သော်လည်း လူမှုကွန်ယက်စာမျက်နှာများတွင်မူ ယင်း မိုဆိုရွာ မီးလောင်မှုအကြောင်းကို အခင်းဖြစ်ပွားသည့်နေ့ နှောင်းပိုင်းတွင်မှ စတင်ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။ ဤ စုံစမ်းစစ်ဆေးချက်အရ မီးကို ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ် နှင့် ၁၂၀၀ နာရီအကြား စတင်ရှို့ခဲ့ခြင်း ဖြစ်ကြောင်း ကောက်နှုတ်ချက်ချနိုင်သည်။ ထို့အပြင် ယင်းအခင်းဖြစ်ပွားမှုအား အချိန်အပိုင်းအခြား ခွဲခြားသတ်မှတ် (chrololocate) ရာတွင် ဒေသစံတော်ချိန် ၁၅၀၀ နာရီဝန်းကျင်ခန့်တွင် တွေ့ရှိရသည့် ယင်းအခင်းဖြစ်ပွားမှု၏ ရုပ်သံမှတ်တမ်းအရ ယင်းအချိန်တွင် မီးများ ငြိမ်းသွားပြီဖြစ်ကြောင်း တွေ့ရ သည်။ ယင်း မီးများသည် ပူပြင်းသော ရာသီဥတုတွင် ခြောက်သွေ့သည့် တောတောင်သစ်ပင်များတွင် မတော်တဆ သို့မဟုတ် သဘာဝအလျောက် လောင်ကျွမ်းလေ့ရှိသည့်တောမီးများ မဟုတ်ကြောင်းကိုလည်း Myanmar Witness က တွေ့ရှိခဲ့သည်။


[သတိ: စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံများ ပါဝင်သည်] ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူများ၏ စိတ်မချမ်းမြေ့ဖွယ်ရာမြင်ကွင်းများပါဝင်သည့် သတင်းလင့် အရင်းအမြစ်များထံမှ ပုံများကို ကြိုတင် ဖော်ပြပေးထားခြင်းဖြစ်သည်။


နောက်ခံအကြောင်းအရာနှင့် အနေအထား


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ဧရာဝတီ၊​ မဇ္ဇျိမလွတ်လပ်သော အာရှအသံ စသည့် သတင်းမီဒီယာ အရင်းအမြစ် အမြောက်အများနှင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှ ရေးသားဖော်ပြမှုများအရ ယင်း သေဆုံးသူအလောင်းများသည် ဖရူဆိုမြို့နယ်ရှိ မိုဆိုရွာ အနီးရှိနေသည့် မော်တော်ယာဥ်များအနီးတွင် တွေ့ရှိရကြောင်းဆိုသည်။ Associated Press စသည့် အချို့သတင်းမီဒီယာများမှာမူ ယင်းထိခိုက်နစ်နာသူများသည် မိုဆိုရွာအနီးတွင်တည်ရှိသည့် ကွိုင်ငံရွာ [၁၉.၄၇၉၉၇၀၉၃၊ ၉၇.၀၇၈၃၇၆၇၇] အနီး လက်နက်ကိုင် ခုခံတော်လှန်ရေးအုပ်စုများနှင့် မြန်မာစစ်တပ်တို့ တိုက်ခိုက်မှုများမှ တိမ်းရှောင်လာသည့် ပြည်သူများဖြစ်သည်ဟု ဒေသခံများက ဆိုထားကြောင်း အစီရင်ခံဖော်ပြထားသည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသော ထုတ်ပြန်ချက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ယင်း အဖြစ်အပျက်ကို ရှုတ်ချထားသည်။ အနည်းဆုံး ကလေးငယ် တစ်ဦးအပါအဝင် လူ ၃၅ ဦးတို့သည် ၎င်း တို့မော်တော်ယာဥ်များမှ အဓမ္မစွန့်ခွာစေပြီး၊ မီးရှို့သတ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်း ယုံကြည်နိုင်လောက်သည့် အရင်းအမြစ်များက အတည်ပြုထားသည်ဟု ၎င်းကဆိုသည်။ ယင်းထုတ်ပြန်ချက်တွင် အဆိုပါ လူအများသေဆုံးမှုများအတွင်း စစ်တပ် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များ ပါဝင်ပတ်သက်နေမှုရှိ၊မရှိအပေါ် တရားဝင်ဖော်ပြထားခြင်းမရှိသော်လည်း၊ အာဏာပိုင်များအနေဖြင့် ယင်းအဖြစ်အပျက်အား နှံ့စပ်စွာနှင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဆောင်ရွက်ရန် တိုက်တွန်းထားမှုသည် ယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန် အစိုးရ၏ တာဝန်ရှိမှုကို ထင်ဟပ်နေစေသည်။


နိုင်ငံပိုင်သတင်းမီဒီယာများတွင်မူ ယင်းအဖြစ်အပျက်အကြောင်းရှင်းလင်းချက်ကို လူအများအား မီးရှို့ သတ်ဖြတ်ခြင်းစသည့် အဓိကအချက်အလက်များအား ထိမ်ချန်၍ အခြေခံအ ကြောင်းအရာများလောက်ကိုသာ ရေးသားပုံဖော် တင်ပြထားသည်။ နိုင်ငံပိုင်သတင်းများမှ ရေးသားဖော်ပြချက်များတွင် အများကပြောဆိုနေသည့် သေဆုံးမှုများအကြောင်းကိုဖြစ်စေ၊ အမှားများကျူးလွန်သည့်အကြောင်းတို့ကိုဖြစ်စေ အသိအမှတ်ပြု၍ အစဥ်ဖော်ပြလေ့မရှိပါ။ ယင်းသို့သေဆုံးမှုများအကြောင်းအသိအမှတ်ပြုဖော်ပြသည့် အခါတွင်လည်း သေဆုံးသွားသူများမှာ အန္တရာယ်ရှိသည့် ‘အကြမ်းဖက်သမားများ’ ဖြစ်ကြောင်း စွပ်စွဲ ချက်များဖြင့် ဆင်ခြေပေးလေ့ရှိသည်။ ယင်းအဖြစ်အပျက်အကြောင်းကို နိုင်ငံပိုင်သတင်းဌာနများနှင့် ၎င်းတို့နှင့်ဆန့်ကျင်ဘက် သတင်းဌာနများအကြား အစီရင်ခံချက်များကို Myanmar Now မှ နှိုင်းယှဥ်ဖော်ပြချက်များအရ ယင်းအခင်းဖြစ်ပွားရာကာလအတောအတွင်း အကြားတွေ့ရှိရသည့် မော်တော်ယာဥ်အရေအတွက်နှင့် သေဆုံးသူအလောင်းအရေအတွက်တို့တွင် အဓိက ကွာခြားမှုများကို တွေ့ရသည်။ ထို့အပြင် သေဆုံးသူများကို မော်တော်ယာဥ်များအတွင်း မီးလောင်လျက်နှင့်၊ လက်ကြိုးတုပ်ခံ ထားရပြီး သေဆုံးလျက်တွေ့ရှိရသည့်အကြောင်းများကို နိုင်ငံပိုင်သတင်းမီဒီယာများတွင် မဖော်ပြပဲ ချန်လှပ်ထားသည်။ ထို့အပြင် အဆိုပါသေဆုံးသူများကို လျပ်တပြတ်စစ်ဆေးရန် ရပ်တန့်စေရာမှ ၎င်းတို့ကအကြမ်းဖက်ပြီး ထွက်ပြေးရန်ကြိုးစားသဖြင့် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တင်ပြထားသည်။ လက်နက်ကိုင်အင်အားစုများအကြား ထိပ်တိုက်တွေ့မှုများအကြောင်းကို စစ်တပ်အမာခံ လူမှုသတင်းမီဒီယာ အကောင့်အချို့တို့ကအပြင် ကြေးမုံသတင်းစာ စသည့် အစိုးရနှင့်ဆက်နွှယ်သည့် သတင်းစာစောင် များတွင်လည်း ဖော်ပြထားသည်။ ကြေးမုံသတင်းစာတွင်မူ ယင်းနေ့တွင် သတ်ဖြတ်ခံရသူများသည် ‘အကြမ်းဖက်သူများ’ သို့မဟုတ် ‘ရန်သူများ’ ဖြစ်ကြောင်း အကွက်ချဖော်ပြထားပြီး မြေပြင်ပေါ်တွင် ယူနီ ဖောင်းဝတ်ဖြင့် လဲကျလျက်သေဆုံးနေသူများ၏ ရုပ်ပုံများကိုအသုံးပြု၍ဖော်ပြထားသည် (အသေးစိတ် အချက်အလက်များအတွက် ‘အခင်းတွင်ထိခိုက်နစ်နာခဲ့သူများ’ အပိုင်းကိုကြည့်ပါ)။ ပါဝင်ပတ်သက်ခဲ့ သူများမှာ အခြားသတင်းဌာနများမှဖော်ပြထားသကဲ့သို့ အများပြည်သူဖြစ်သည့်အစား အတိုက်အခံလုပ် သူများအဖြစ် ဖော်ပြထားခြင်းအားဖြင့် နိုင်ငံပိုင်သတင်းဌာနသည် အစုလိုက်အပြုံလိုက်သတ်ဖြတ် မှုများ၏ ပြစ်မှုပြင်းထန်မှုများကို လျှော့ချရန် ကြိုးစားနေခြင်းဖြစ်သည်။


Martin Griffith ၏ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်တစ်စောင်ကို မြန်မာနိုင်ငံအစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ အစိုးရပိုင်သတင်းမီဒီယာ များတွင် ဖော်ပြထားမှုများနှင့်တူညီပြီး၊ ယင်းအဖြစ်အပျက်သည်- ‘[လုံခြုံရေး တပ်ဖွဲ့များ] မှ လုံခြုံရေး စစ်ဆေးရန် မော်တော်ယာဥ် ၇ စီးကို ဟန့်တားသော်လည်း [ဟန့်တားခံရသူများ] မှ ၎င်းတို့၏ ကားများကို ရပ်တန့်မပေးပဲ [လုံခြုံရေး တပ်ဖွဲ့များ] အား သေနတ်ငယ်များနှင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့နောက် ၁၀ ဦးခန့်ရှိသော ယင်းအကြမ်းဖက်သမားများသည် ရွာ၏တောင်ကုန်းများပေါ်တွင် စောင့်ဆိုင်းနေပြီး RPG နှင့် 40 မမလောင်ချာနှင့် အခြားလက်နက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များက မရှောင်လွှဲသာပဲ ပြန်လည်တိုက် ခိုက်ခံရခြင်းဖြစ်ကြောင်း’ဆိုသည်။ Martin Griffiths မှ ဖော်ပြထားသူများသည် စစ်တပ်ကို တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်ကဆိုသည်။


လွတ်လပ်သော အာရှအသံ (RFA) ၏ ဖော်ပြချက်အရ - ယင်းအဖြစ်အပျက်တွင် စစ်ကောင်စီကို ခုခံ သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၂၅ ဦးသေဆုံးခဲ့သည်ဟု သတင်းအချက်အလက်နှင့် လုံခြုံရေးနှင့် စီမံခန့်ခွဲရေး ကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဇော်မင်းထွန်းက ပြောဆိုခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဇော်မင်းထွန်းသည် အထူးသဖြင့် အများကဖော်ပြသည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတ်ဖြတ်ခံရမှုနှင့် UGC နှင့်ပတ်သက်မှုများဖြစ်သည့် - မီးရှို့ခဲ့ရသူများ အကြောင်းကိုမူ ဖြေရှင်းချက်တစ်စုံတစ်ရာ မပေးခဲ့ပါ။ ထို့အပြင် Myanmar Now တွင် ဖော်ပြထားသည့်အတိုင်း ၎င်းဖော်ပြသည့်သူများပင်ဖြစ်သည့် သေဆုံးသူများ လက်ကိုချုပ်နှောင်ခံ ထားရပြီးသေဆုံးမှုအကြောင်း နှင့် ဓါတ်ပုံများအကြောင်းကိုမူ ဇော်မင်းထွန်းမှ ထည့်သွင်းရှင်းလင်းပြောကြားသွားခြင်းမရှိပါ။ သို့သော်လည်း ယင်းထုတ်ပြန်ချက်တွင် ‘အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ကိုမလိုလားသည့် မရိုးသားသော သတင်းမီဒီယာဌာနများနှင့် စာနယ်ဇင်းသမားများနှင့် ပူးပေါင်းကြံစည်ခြင်းဖြစ်ပြီး၊ ၎င်းတို့၏ အကွက်ချကြံစည်မှုဖြင့် ယင်းသို့လွဲမှားသည့် သဘောထားမှတ်ချက်များ ဖြစ်ပေါ်အောင် ဖန်တီးခြင်းဖြစ်ကြောင်း’ ပုံစံဖြင့်ဖော်ပြထားသည်။


မိုဆိုရွာအနီးရှိ အဖြစ်အပျက်နှင့်စပ်လျဥ်း၍ လူမှုသတင်းမီဒီယာပေါ်တွင် ရေးသားဖော်ပြချက်များအရ ယင်းနယ်မြေဒေသတွင် စစ်တပ်မှ နေရာယူထားမှုနှင့် စပ်လျဥ်းသည့် ထပ်လောင်းသတင်းအချက် အလက်များကို သိရှိရသည်။ ဥပမာအားဖြင့် ၂၀၂၁ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ဒေသစံတော်ချိန် ၁၇နာရီ ၂၉ မိနစ်တွင် ကန္တာရဝတ္တီတိုင်း(မ်) သတင်းမီဒီယာဌာနက ၎င်းတို့၏ ဖေ့စ်ဘုတ်ပေ့ချ်တွင် ပို့စ်တစ်ခုတင်၍ ရေးသားဖော်ပြလာသည်။ ၎င်းပို့စ်တွင် ဖရူဆိုမြို့နယ်ရှိ လတ်တလော မီးလောင်ကျွမ်းမှုများအကြောင်းကို တင်ပြထားပြီး၊ လွိုင်ကော်မြို့အရှေ့ဘက်ရှိ နောင်လုံ၊ ကွန်နား [၁၉.၈၆၂၆၃၀၈၄၊ ၉၇.၂၈၆၅၅၂၄၃] ရွာများတွင် မီးလောင်နေသည့် ဓါတ်ပုံများကို ထုတ်ပြန်ဖော်ပြခဲ့သည်။ စစ်တပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ နှင့် ဖယ်ခုံမြို့နယ်များရှိ ဒေသခံများ၏နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အလားတူပင် မိုဆိုရွာအနီးအဖြစ်အပျက်မတိုင်ခင် တစ်ရက်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း ဒေသစံတော်ချိန် ၁၈နာရီ ၃၅ မိနစ်ခန့်တွင် ထုတ်ပြန်ခဲ့သည့် ရုပ်သံမှတ်တမ်းအရ ပျက်စီးနေသော နေအိမ်များနှင့် ယင်းနေရာအနီးတစ်ဝှိုက် ဒေသခံခုခံရေးတပ်ဖွဲ့ဝင်များလမ်းလျှောက်သွားနေ သည်ကို Myanmar Witness က ရှာဖွေတွေ့ရှိရသည်။ ယင်းရုပ်သံမှတ်တမ်း၏ တည်နေရာသည် မိုဆိုရွာနှင့် ပထဝီတည်နေရာခြင်းနီးစပ်သည့် ဖရူဆိုရှိ ဒေါခရော့ခူရွာ [၁၉.၄၇၅၉၉၀၃၊ ၉၆.၉၇၇၃၄၀၇] တွင် ဖြစ်ကြောင်း သိရသော်လည်း၊ ယင်း ရုပ်သံမှတ်တမ်း၏ ပထဝီတည်နေရာကိုမူ Myanmar Witness မှ စိစစ်သတ်မှတ်အတည်ပြုနိုင်ခဲ့ခြင်းမရှိပါ။ Myanmar Witness မှ ဆန်းစစ်ခဲ့သည့် UCG အရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ တွင်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်အတွက် သဲလွန်စအရ ယင်းနယ်မြေဒေသအတွင်း မီးလောင်ကျွမ်းမှုများဖြစ်ပွားသည့်ပုံသဏ္ဍာန်ကို တွေ့ရှိနိုင်သည်။


ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ဒေသစံတော်ချိန် ၁၁နာရီ ၁၂ မိနစ် နှင့် ၁၁နာရီ ၄၈ မိနစ်များတွင် လူမှုသတင်းမီဒီယာစာမျက်နှာများပေါ်၌ တင်ပြလာသည့် ဓါတ်ပုံများအရ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် ပြည်သူများဖရူဆိုရွာမှ ထွက်ခွာသွားကြရသည့်ပုံစံကို တွေ့ရသည်။ ဤအချိန်တွင် လူမှုကွန်ယက်စာမျက်နှာများအတွင်း မီးလောင်ကျွမ်းမှုများအကြောင်းကို တင်ပြလာခြင်းမရှိခဲ့သေးပါ။ လူအများရွာမှ ထွက်ခွာသွား ကြသည်ကို တွေ့ရကြောင်းနှင့်၊ ဖရူဆိုမြို့နယ်၏ အနောက်ဘက်တွင် ဒေသစံတော်ချိန် ၀၇ နာရီ ၃၀မိနစ်၌ သေနတ်ပစ်ခတ်သံများကိုကြားရကြောင်း၊ မိုဆိုရွာအနီးတွင်လည်း စစ်သားများကို တွေ့ရကြောင်း သတင်းမီဒီယာပေ့ချ်ဖြစ်သည့် ကန္တရာဝတီတိုင်း(မ်) က ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာ တွင် ပို့စ်ရေးသား ထုတ်ပြန်ခဲ့သည်။ ထွက်ပြေးတိမ်းရှောင်ရသူများမှာ မိုဆိုရွာနှင့် ဒေါခရော့ခူရွာမှ ဒုက္ခ သည်များ ဖြစ်ကြောင်းဖော်ပြထားသည်။ ထိုသို့ဒုက္ခသည်ဖြစ်ကြောင်းပို့စ်ကို ဒေသစံတော်ချိန် ၁၂ နာရီ ၀၅ မိနစ်တွင် ရေးတင်ခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုအကြောင်းကို ထည့်သွင်း၍မပြောထားပါ။ ဒေသစံတော်ချိန် ၁၂နာရီ ၅၄မိနစ်ရီတွင်မူ ဖရူဆိုအနီးရှိ နေအိမ်များပျက်စီးသွားသည့် ဓါတ်ပုံများကို Karenni Human Rights Group သတင်းနှင့်မီဒီယာဝက်ဘ်ဆိုက်က ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင်တင်ပြလာပြီး၊ စစ်တပ်မှ မိုဆိုရွာကို လုံးဝအခြေကုပ်ယူ သွားပြီးဖြစ်ကြောင်း ဖော်ပြလာသည်။ ဒေသစံတော်ချိန် ၁၃နာရီ ၁၈ မိနစ်တွင်မူ မော်တော်ယာဥ်မျ ားမီးလောင်သည့်အခင်းဖြစ်ပွားခဲ့ရာနေရာအဖြစ် Myanmar Witness မှ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သော နေရာ၌ပင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း FIRMS စနစ်တွင် တူညီစွာမှတ်တမ်းတင်နိုင်ခဲ့သည်။ FIRMS စနစ်သည် မီးတစ်ခုစတင်လောင်ကျွမ်းသည့်အချိန်အတိအကျကို မှတ်တမ်းမတင်နိုင်သော်လည်း ၎င်း၏အာရုံခံ ဆင်ဆာစနစ်မှ အပူချိန်လက္ခဏာ (heat signature) ကိုဖမ်းယူသိရှိလိုက်သည့် အချိန်ကို ဖော်ပြပေးနိုင်သည်။


နည်းစနစ်များ


Myanmar Witness သည် ဒီဂျစ်တယ်ဆိုင်ရာ အထောက်အထားထိန်းသိမ်း စောင့်ရှောက်မှုနည်းနှင့်၊ အတိအကျဖြစ်သော၊ ပုံတူပွားနိုင်သော ခွဲခြမ်းစိတ်ဖြာသုံးသပ်နည်းစနစ်တို့ကို လုပ်ဆောင်သည်။ ဒီဂျစ်တယ် သက်သေအထောက်အထားကို ရယူစုဆောင်းပြီး၊ စစ်မှန်မှန်ကန်မှုရှိကြောင်း သေချာစေရန် နှင့် အခြားသူမှဝင်ရောက်ရယူ ပြုပြင်ခြင်း မရှိနိုင်စေရန် လုံခြုံသည့် ဒေတာဘေ့စ်တွင် ကုဒ်မြေပုံစနစ် (hashing) ဖြင့် သိုလှောင်သိမ်းဆည်းထားသည်။



ရုပ်သံမှတ်တမ်းများ သို့မဟုတ် ဓါတ်ပုံများတွင် တွေ့ရသည့် သွင်ပြင်လက္ခဏာနှင့် ကိုက်ညီမှုရှိမရှိနှိုင်း ယှဥ်တိုက်စစ်ရန်အတွက် Google Earth စသည့် အွန်လိုင်းမှတစ်ဆင့် အများပြည်သူမှလွတ်လပ်စွာ ရယူ အသုံးပြုနိုင်သော (open source) နည်းကိရိယာများ၏ အမျိုးမျိုးသောဖော်ပြချက်များကို အသုံးပြု၍ ပထဝီတည်နေရာစိစစ်သတ်မှတ်ခြင်း (Geolocation) ကို လုပ်ဆောင်သည်။ ရုပ်ပုံဖော်ပြချက်များ ကိုက်ညီစေရန်မှာ သက်သေပြနိုင်မှုအဆင့် မြင့်မားစွာလိုအပ်ပြီး၊ Myanmar Witness ၏ အစီရင်ခံ တင်ပြချက်များတွင် မထည့်သွင်းမှီ အတည်ပြုစိစစ်ထားကြောင်းနှင့် အရည်အသွေးပြည့်မှီကြောင်း သေချာစေရန်အတွက် အပြန်အလှန် စစ်ဆေးရန် Geolocation ပြုလုပ်ထားပြီးဖြစ်ရန် နှင့် အခြားကျွမ်းကျင်သူများမှ ကြည့်ရှုသုံးသပ်ပေးထားပြီးဖြစ်ရန် လိုအပ်သည်။


အချိန်အပိုင်းအခြားခွဲခြားသတ်မှတ်ခြင်း (chronolocation) ကို စံအားဖြင့် - ဖြစ်နိုင်ချေရှိသော အချိန် ကာလအပိုင်းအခြား (Time frame) အတွက် ခိုင်လုံသော အချိန်အကန့်အသတ်များကို သတ်မှတ်ရန် UCG အချိန်အတိအကျဖော်ပြမှု (timestamps) များအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း - အားဖြင့် လုပ်ဆောင် သည်။ ၎င်းကို - ဥပမာအားဖြင့် အဖြစ်အပျက်များ သို့မဟုတ် မြင်တွေ့နိုင်သော အချိန်နာရီ၊ ရာသီဥတု နှင့် အရိပ်များသည့် သိရှိနိုင်ပြီးဖြစ်သည့် လက္ခဏာအညွှန်း (indicators) များဖြင့် နှိုင်းယှဥ်ကြည့်ခြင်းအားဖြင့် - နောက်ခံအကြောင်းအရာစိတ်ဖြာသုံးသပ်ချက် (contextual analysis) ဖြင့် တွဲ၍ လုပ်ဆောင်နိုင်သည်။ အရိပ်ရှုထောင့် (Shadow angle) ကို တည်နေရာစိစစ်သတ်မှတ်မှု (Geolocation) ပြုလုပ်ပြီးသည့် နောက်တွင် သတ်မှတ်ပြီး၊ နေ၏တည်နေရာနှင့် တစ်နေ့တာ၏အချိန်တို့ကို စိစစ်သတ်မှတ်ရန်အတွက် ယင်းအရိပ်ရှုထောင့်၏ အနေအထား (orientation) ကို ထပ်ဆင့်အသုံးပြုသည်။​ ယင်းသို့စိစစ်ခြင်းသည် အမြဲတမ်း တိကျမှုမရှိသော်လည်း၊ ရှိနိုင်သည့် ပြဿနာများအား ထည့်သွင်းစဥ်းစားရန်အတွက် အချိန်ကိုမှားယွင်းစွာ မဖော်ပြခြင်းအားဖြင့် အချိန်အပိုင်းအခြားခွဲခြားသတ်မှတ်ခြင်း (Chronolocation) ကို အ တတ်နိုင်ဆုံးတိကျစွာ ထည့်သွင်းလုပ်ဆောင်သည်။


မျက်မြင်သက်သေ၏ ထွက်ဆိုချက် သို့မဟုတ် ပြင်ပအရင်းအမြစ်မှ အစီရင်ခံတင်ပြမှုပါဝင်လာခြင်း စသည့် အတည်ပြုထားခြင်းမရှိသည့် သတင်းအချက်အလက်များကို ကိုင်တွယ်ရသည့်အခါ ယင်းသို့ သော သတင်းအချက်အလက်မျိုးသည် အခြားသူ၏ပြောကြားချက်အဆို (claims) များဖြစ်ပြီး၊ Myanmar Witness မှ လွတ်လပ်စွာ အတည်ပြုထားခြင်းမရှိကြောင်းနှင့်၊ ယင်းသို့ အတည်မပြုထား သော်လည်း အဆိုပါ ပြောကြားချက်အဆိုများသည် စုံစမ်းစစ်ဆေးနေသည့် အဖြစ်အပျက်၏ နောက်ခံ အကြောင်းအရာကို ဖော်ပြရန်အတွက် စီလျော်အပ်စပ်မှုရှိဆဲဖြစ်ကြောင်း Myanmar Witness မှ အသိ ပေးဖော်ပြထားသည်။ ကျင့်ဝတ်ဆိုင်ရာစံနှုန်းများနှင့်အညီ Myanmar Witness သည် ပါဝင်ပတ်သက်နေသည့် ပုဂ္ဂိုလ်များ၏ မည်သူမည်ဝါဖြစ်ကြောင်းသိရှိနိုင်မည့် သတင်းအချက်အလက်များအား ဖုံးကွယ်ပေးထားပြီး၊ ပုဂ္ဂိုလ်ရေးရာအချက်အလက်များနှင့် ဓါတ်ပုံများကို သင့်လျော်သလို ဆင်ဆာဖြတ်တောက် ပေးထားကာ၊ တစ်သီးပုဂ္ဂလများ၏ အချိတ်အဆက်လင့်ခ်များကိုလည်း ဖယ်ရှားပေးထားပြီး၊ ယင်းသတင်းအချက်အလက်များကို လုံခြုံစွာ ထားသိုသိမ်းဆည်းပေးထားသည်။ ကျွန်ုပ်တို့ Myanmar Witness သည် အစီရင်ခံတင်ပြချက်တွင်လည်း စိတ်မချမ်းမြေ့ဖွယ်ရာအ နိဋ္ဌာရုံမြင်ကွင်းများကို သင့်လျော်သလို ဆင်ဆာတည်းဖြတ် ဖြတ်တောက်ပေးထားသည်။


အကန့်အသတ်များ


Myanmar Witness မှ ရယူထားသည့် သတင်းအချက်အလက်များသည် လက်ရှိ ပဋိပက္ခဖြစ်ပွားဆဲနေ ရာ ဒေသမှအရင်းခံလာခြင်းဖြစ်သဖြင့် ၎င်းတို့ကို အများပြည်သူသိအောင် ထုတ်ပြန်တင်ပြရာတွင် ကျူး လွန်သူဘက်မှပြန်လည်လက်စားချေတုံ့ပြန်ခံရနိုင်မှုအပေါ် ကြောက်ရွံ့ရမှုများ၊ တရားဝင် အရင်းအမြစ် များထံမှ သတင်းအချက်အလက်များမရယူနိုင်ခြင်း သို့မဟုတ် မရှိခြင်း၊ အင်တာနက်မှသာရယူရခြင်း စ သည်တို့အပါအဝင် အခြားထည့်သွင်းစဥ်းစားရန်အချက်များတို့ကြောင့် Myanmar Witness မှ အတည် ပြုရန် ရယူနိုင်ခဲ့သည့် သတင်းမီဒီယာဖော်ပြမှုပမာဏအပေါ် အကန့်အသတ်ရှိခဲ့သည်။ Myanmar Witness သည် ဘက်လိုက်မှုကိုလျှော့ချရန်နှင့် အရင်းအမြစ်အမျိုးမျိုးတို့မှ သတင်းအချက်များကို အ တတ်နိုင်ဆုံး အများဆုံးဖြစ်အောင် ရယူစုဆောင်းရန်အတွက် အများရယူနိုင်သော အရင်းအမြစ် (open source) များတစ်လျှောက် ဘာသာစကားအမျိုးမျိုးဖြင့် ဖော်ပြထားမှုများအပြင်၊ လူမှုသတင်း မီဒီယာများနှင့် စစ်ကောင်စီထောက်ခံအားပေးသူနှင့် ဆန့်ကျင်သူနှစ်ဘက်စလုံးတို့မှသတင်းများ စသည့် အမျိုး မျိုးသော အရင်းအမြစ်များမှ မီဒီယာဖော်ပြမှုများအား ရှာဖွေဖော်ထုတ်ခြင်း စသည့် အကြောင်းအရာ တစ်ခုအပေါ်သီးခြားဗဟိုပြု၍ရှာဖွေခြင်း နှင့် အခြားကျယ်ပြန့်သော အကြောင်းအရာကိုရှာဖွေခြင်း နှစ်မျိုးစလုံးကိုအသုံးပြုခြင်းအားဖြင့် ဘက်လိုက်၍ဖော်ပြမှုကိုလည်း အတတ်နိုင်ဆုံး ကြိုးစားဖယ်ရှားခဲ့သည်။


ယင်းသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တမင်တကာမီးရှို့မှုနှင့် လူအများသတ်ဖြတ်မှု အတွင်း စစ်တပ်က ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက်များ အမြောက်အများရှိခဲ့သည်။ ယင်းအခင်းဖြစ်ပွားရာနေရာ အနီးတွင် စစ်တပ်၏ခြေလျင်တပ်ရင်းမှ တပ်စွဲထားခဲ့ကြောင်းကိုလည်း Myanmar Witness က ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ အခင်းဖြစ်ပွားသည်ဟုထင်ရသည့် အချိန်နောက်ပိုင်း တစ်ဆက်တည်း ရယူထားသည့် ဒရုန်းမှတ်တမ်းအား ပထဝီတည်နေရာစိစစ် သတ်မှတ်ချက်နှင့် အချိန်ခွဲခြားသတ်မှတ်ချက်အရ လူအချို့သည် ယင်းစွဲထားသည့် တပ်များမှ အရှေ့ဘက်သို့ ရွေ့လျားသွားလာခဲ့ကြကြောင်းကိုလည်း ပြသနေသည်။ သို့သော်လည်း ၎င်းအချက်ကို သက်သေပြရန်မှာ လွန်စွာခက်ခဲသည်။ အခင်းဖြစ်ပွားသည့် နေရာတွင် ရှိနေသူများ သို့မဟုတ် မီးရှို့သူများမှာ စစ်တပ်မှစစ်သားများဖြစ်ကြောင်း သက်သေပြနိုင်မည့် မည်သည့် အထောက်အထားကိုမျှ ရှာဖွေမတွေ့ရှိခဲ့ပါ။ ရလဒ်အနေဖြင့် ရရှိနိုင်သောသတင်းအချက်အ လက်များနှင့် Myanmar Witness မှ ရယူစုဆောင်းထားသည့်၊ အပြန်အလှန်တိုက်စစ် စစ်ဆေးထားသည့် မီဒီယာဖော်ပြချက်များထံမှ တစ်ဆင့်သာ ယင်းသို့ ကျူးလွန်မှုအတွက်တာဝန်ရှိ သူများမှာ မည်သူမည်ဝါ ဖြစ်သည်ဟု နားလည်မှတ်ယူနိုင်သည်။


ဤ ဖြစ်ရပ်စုံစမ်းစစ်ဆေးမှုတစ်လျှောက်တွင် သတင်းများ သို့မဟုတ် လူမှုသတင်းမီဒီယာများပေါ်တွင် တင်ပြထားသည့် မျက်မြင်သက်သေထွက်ဆိုချက်များမှတစ်ဆင့် သတင်းအချက်အလက် ကောက်နှုတ် ထားမှုအမြောက်အများပါဝင်သည်။ ယင်းသို့ ကောက်နှုတ်ထားခြင်းဖြစ်ပါက ယင်းသို့ကောက်နှုတ်၍ ဤ အစီရင်ခံစာတွင်ဖော်ပြခြင်းသည် အတည်ပြုထားသည့် အချက်အလက်ဆိုသည်ထက် စွပ်စွဲချက်တစ် ရပ်သာဖြစ်ကြောင်းကိုလည်း ရှင်းလင်းစွာ ဂရုတစိုက်ဖော်ပြပေးထားသည်။


ကျား/မ စိတ်ဖြာသုံးသပ်ချက်


ဤဖြစ်စဥ်တွင် အမျိုးသမီး ထိခိုက်နစ်နာသူများပါဝင်ကြောင်း Myanmar Witness မှ လွတ်လပ်စွာ အ တည်မပြုထားသော်လည်း ယင်းအဖြစ်အပျက်တွင် သတ်ဖြတ်ခံရသူများအနက် ယင်းနယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားစဥ် စစ်တပ်မှသတ်ဖြတ်လိုက်သူများအတွင်း အမျိုးသမီးနှင့်ကလေး အရပ်သား ပြည်သူအချို့ပါဝင်ကြောင်း ပြောကြားချက်များရှိသည်။


အဖြစ်အပျက်၏ လမ်းပြမြေပုံနှင့် တည်နေရာ



ပုံ ၁ - ခြေလျင်တပ်ရင်း ၄၂၈ နှင့် ၅၃၁ တို့နှင့် အနီးနားတွင်ရှိသည့်၊ လူသေအလောင်းများ ရှာဖွေ တွေ့ရှိရသည့် မီးလောင်မှုဖြစ်ပွားသည့် နေရာ။ အပြာရောင်တြိဂံငယ်သည် မိုဆိုရွာဖြစ်ပြီး အဖြူရောင် ဖြင့်ဖော်ပြထားသည်မှာ ယင်း စစ်တပ်တပ်ရင်းတစ်ခုစီတို့ကို ကိုယ်စားပြုကာ၊ Fire စာဖြင့် ဘောင်ခတ် ထားသည့်လေးထောင့်သည် လူသေအလောင်းများတွေ့ရှိရသည့်၊ မီးများကိုမြင်ရသည့် နေရာဖြစ်သည်။


အဖြစ်အပျက်များ၏ အချိန်ကာလ




ဖရူဆိုမြို့ရှိ မီးလောင်နေသော ရုပ်အလောင်းများ


ရုပ်ပုံအား ပထဝီတည်နေရာ စိစစ်သတ်မှတ်အတည်ပြုခြင်း


[သတိ: စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံများ ပါဝင်သည်] ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကန္တရတဝီတိုင်း(မ်)က မီးလောင်ကျွမ်းဒဏ်ရာဖြင့် မည်းနေသော ရုပ်အလောင်းပုံများအပြင်၊ မီးကြောင့် ပျက်စီးသွားကြောင်း အထင်အရှားတွေ့ရသည့် မော်တော်ယာဥ်များ၏ ပုံများကို တင်ပြခဲ့သည်။ ယင်းပုံများအနက်တစ်ခုတွင် မော်တော်ယာဥ်များတွေ့ရသည့် တည်နေရာကို Myanmar Witness မှ အတည်ပြု နိုင်လောက်သည့် နောက်ခံသွင်ပြင်လက္ခဏာ အနေအထားများပါဝင်ခဲ့သည်။ ဂြိုဟ်တုဓါတ်ပုံများနှင့် တိုက်စစ်ယူထားသည့် ယင်းဓါတ်ပုံများအရ အခင်းဖြစ်ပွားရာနေရာသည် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ၊ မိုဆိုရွာတွင် ၁၉.၄၂၅၀၀၈၊ ၉၇.၁၀၀၇၁၆ (ပုံ-၂) ခန့်၌ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြနေသည်။




ပုံ ၂ - ကန္တရာဝတီ တိုင်း(မ်) မှ ဖော်ပြခဲ့သော ဓါတ်ပုံ၏ ပထဝီတည်နေရာစိစစ်ဖော်ပြချက် - ၁၉.၄၂၅၀၀၈၊ ၉၇.၁၀၀၇၁၆။


ယင်းတည်နေရာကို NASA FIRMS မီးလောင်မှုခြေရာခံစနစ်အား အသုံးပြု၍ မှီငြမ်းအတည်ပြုခဲ့ခြင်းဖြစ် ပြီး ၎င်းအချက်အလက်အရ ဖော်ပြပါတည်နေရာအတိအကျတွင် အပူချိန်လက္ခဏာ ဖမ်းယူမိခဲ့ကြောင်း ဖော်ပြနေသည် (ပုံ-၃)။ ယင်းအပူချိန်လက္ခဏာသည် ၂၀၂၁ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ဒေသစံတော်ချိန် ၁၃၁၈ နာရီ၊ ဂရင်းနစ်ဆိုလိုအချိန် (GMT) ၀၆၄၈ နာရီ တွင် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။




ပုံ ၃ - မော်တော်ယာဥ်များမီးလောင်ခဲ့ကြောင်း Myanmar Witness က ရှာဖွေဖော်ထုတ်ခဲ့သည့် နေရာတွင် မီးလက္ခဏာကို FIRMS စနစ်က ပထဝီတည်နေရာတကျ မှတ်တမ်းယူခဲ့သည်။

ခေတ်သစ် မီဒီယာသတင်းဌာနမှ တင်ခဲ့သော ရုပ်သံမှတ်တမ်း - သည် ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း Myanmar Witness မှ ရယူပြီးသိမ်းဆည်းထားသည် - ယင်းမှတ်တမ်းတွင် ယင်းနေရာဒေသအတွင်း မီးများလောင်ကျွမ်းနေသည်ကို ၁၉.၄၂၃၆၀၅၊ ၉၇.၁၀၀၅၁၇ (ပုံ ၄) တည်နေရာဖြင့် ဖော်ပြနေသည်။




ပုံ ၄ - မှတ်တမ်း၏ တည်နေရာကို ၁၉.၄၂၃၆၀၅၊ ၉၇.၁၀၀၅၁၇ အဖြစ်သိရှိရသည်။


မှတ်တမ်း၏ တည်နေရာစိစစ်ချက်အရ မီးသည် ပုံ ၂ အတိုင်း မော်တော်ယာဥ်များရှိသည့်နေရာမှ ထွက် လာဟန်တူသည်။ ကင်မရာရိုက်သူသည် ပုံ ၂ တွင် တွေ့ရသည့် တည်နေရာသို့ ရွေ့လျားလာခဲ့ပြီး၊ ယင်း နေရာတွင် မီးလောင်ပျက်စီးသည့် ယာဥ်များနှင့် သေဆုံးသူများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်း အဖြစ်အပျက်ဖြစ်ပွားပြီးကတည်းက Google Earth ဂြိုဟ်တု ဆက်တလိုက်ပုံရိပ်များ အချိန်နှင့် တပြေး ညီပြောင်းလဲခဲ့ပြီး မီးကျွမ်းရာများကို အဆိုပါတည်နေရာတွင် ရှင်းလင်းစွာမြင်တွေ့နေရသည်။ (ပုံ ၅)







ပုံ ၅ - ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တွင်နောက်ဆုံးရှိခဲ့သည့် ဂြိုဟ်တုဓါတ်ပုံ နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အခင်း ဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နောက်ဆုံးမြင်ရသော ဂြိုဟ်တုဓါတ်ပုံတို့ကို နှိုင်းယှဥ် တွေ့မြင်ရစဥ်။​


အခင်းဖြစ်ပွားသည့် အချိန်


Myanmar Witness က အရင်းအမြစ်အမြောက်အများကို အသုံးပြု၍ အခင်းဖြစ်ပွားခဲ့သည့်အချိန်ကို အ တည်ပြုခဲ့သည်။ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း NASA FIRMS စနစ်ကိုအသုံးပြုပြီး အပူချိန်လက္ခဏာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ဒေသခံတော်ချိန် ၁၃၁၈ နာရီ၊ ဂရင်းနစ်ဆိုလိုအချိန် ၀၆၄၈ နာရီ တွင် ဖမ်းယူနိုင်ခဲ့ကြောင်း သတ်မှတ်နိုင်သည်။ အဖြစ်အပျက်များ၏ အချိန်အပိုင်းအခြားအား ပြည့်စုံစွာ ဖော် ပြနိုင်ရန်အတွက် Myanmar Witness သည် USG စနစ်အပေါ်ကိုလည်း မှီခိုအားထားခဲ့သည်။ Myanmar Witness မှ အစောဆုံး စုဆောင်းနိုင်ခဲ့သည့် မှတ်တမ်းမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ရုပ်သံ မှတ်တမ်းတစ်ခုဖြစ်သည်။ ယင်းမှတ်တမ်းတွင် မီးလျံသည် မြင့်မားစွာလောင်ကျွမ်းပြီး၊ ဗဟိုချက်မမှနေ ၍ ပေါက်ကွဲထွက်လာပြီး မီးလျံသည် ပုံသေတသမတ်တည်းမရှိပဲ အလျော့အပျင်း ရုတ်ချည်းပြောင်းလဲ လောင်ကျွမ်းခဲ့ကြောင်း ပြသသည်။ ယင်း မှတ်တမ်းကို ၁၉.၄၂၁၀၃၇၊ ၉၇.၁၀၂၁၀၉ ရှိ တောင်ကုန်းတစ် နေရာတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ကင်မရာရှုထောင့်ကို မော်တော်ယာဥ်များလောင်ကျွမ်းနေသည့် နေရာ သို့ မျက်နှာမူ၍ရိုက်ယူထားခြင်းဖြစ်သည်။ သို့သော်လည်း ယင်းသို့ရိုက်ကူးခဲ့သည့်အချိန်ကို အတည်ပြု ရန်အတွက် ယင်းမှတ်တမ်းအတွင်း သတင်းအချက်အလက် လုံလောက်စွာ မတွေ့ရှိခဲ့ရပါ။


အွန်လိုင်းပေါ်တွင် ထုတ်ပြန်လာသော ဒရုန်းဖြင့်ရိုက်ကူးထားသည့်ပုံများတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ဒေသစံတော်ချိန် ၁၁နာရီ ၃၀မိနစ် -၁၂၀၀ နာရီခန့်၌ မီးများလောင်ကျွမ်းနေသည်ကို ပြသသည်။ ၎င်းကို ရုပ်သံမှတ်တမ်းတွင်ပါဝင်သော ပုံရိပ်များအား အသုံးပြုပြီး Suncalc ကိုအသုံးပြု၍ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအချိန်တွင် မော်တော်ကားများအားလုံး မီးဆက်လက် လောင်ကျွမ်းနေခဲ့ဆဲဖြစ်သည်။ ၎င်းဒရုန်းပုံအရ လူအများ မီးလောင်ရာနေရာ၏အဝေးသို့ ရွေ့လျားသွားလာခဲ့ကြသည်ကိုလည်း ဖော်ပြနေ သည်။ (ပုံ ၆)






ပုံ ၆ - အချိန် ၁၁၃၀ နာရီတွင် လူအများ မီးလောင်ရာနေရာမှ ရွေ့လျားထွက်ခွာသည်ကို ပြသသည့်ဒရုန်းပုံ



ပုံ ၇ - Suncalc မှတစ်ဆင့်ရသည့် ၁၁နာရီ ၄၅မိနစ် နှင့် ကြားထောင့် ၁၇၅° ခန့်တွင်ရှိ အရိပ်ကိုပြသနေသော Google Earth မှ ထပ်တူပွားပုံရိပ်


Myanmar Witness က လူမှုသတင်းမီဒီယာမှရယူထားသည့် နောက်ထပ်မှတ်တမ်းတစ်ခုတွင်မူ လူအချို့သည် မီးလောင်ကျွမ်းထားသော ကားနားသို့လျှောက်လာပြီး၊ ထိုစဥ် အခြားကားများမှာ မီးလောင်နေဆဲ ဖြစ်သည်ကိုတွေ့ရသည် (ပုံ - ၈)။ ဒရုန်းမှတ်တမ်းတွင်ပါဝင်သော ကားတစ်ခုမှာ မီးမလောင်တော့သော်လည်း ၎င်းကိုကြည့်ခြင်းအားဖြင့် မီးများ နာရီအချို့တိုင်အောင် ဆက်လက်လောင်ကျွမ်းနေခဲ့ကြောင်း ပြသနေသည်။ မှတ်တမ်းတွင် လူများ၏အရိပ်ကို ကြည့်ခြင်းအားဖြင့် ယင်းမှတ်တမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ၁၃နာရီ ၄၀မိနစ်ရီအချိန်ခန့်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း Myanmar Witness က အချိန်ခွဲခြား သတ်မှတ်နိုင်ခဲ့သည်။




ပုံ ၈ - Suncalc ကိုအသုံးပြုပြီး ယင်းနေရာရှိ မီးများအား စုံစမ်းစစ်ဆေးနေသည့် ပုဂ္ဂိုလ်များ၏ နေကျအ ရိပ်အား တွက်ချက်မှု


ယင်းနေရာမှ နောက်ထပ်ရရှိသော ရုပ်သံမှတ်တမ်းတစ်ခုတွင်မူ မြောက်ဘက်အကျဆုံး မော်တော်ယာဥ် များသည် ယင်းနေ့နောက်ပိုင်းအချိန်အထိ ဆက်လက်မီးလောင်ကျွမ်းနေကြောင်း ပြသနေသည် (ပုံ ၉)။ ယင်းမှတ်တမ်းတွင်ပါဝင်သော အရိပ် အမျိုးမျိုးတို့မှတစ်ဆင့် ယင်းသို့ သတ်မှတ်နိုင်ခြင်းဖြစ်သည်။




ပုံ ၉ - ယခင်ရှေ့မှတ်တမ်းနှင့် မီးဆက်လက်လောင်ကျွမ်းနေကြောင်းပြသည့် ဤနောက်မှတ်တမ်း တို့ တွင်ပါဝင်သော အရိပ်များအား နှိုင်းယှဥ်ချက်။


Myanmar Witness မှ ရယူစုဆောင်းခဲ့သည့် မှတ်တမ်းများအား နှိုင်းယှဥ်ခြင်းမှတစ်ဆင့် မီးများသည် အ ချိန် ၁၁ နာရီ ၃၀မိနစ် -၁၂၀၀ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ ပုံ ၈ တွင်ပါ ဝင်သော ၁၃ နာရီ ၃၀ မိနစ်တွင် မီးလောင်ရာနေရာသို့ လူအများလမ်းလျှောက်လာသည်ကိုပြသည့် မှတ်တမ်း မရိုက်မှီ တစ်နာရီ-နှစ်နာရီ ခန့်တွင် ယင်းမီးများကို စရှို့ခဲ့ခြင်းဖြစ်နိုင်သည်။ ၎င်းကို မှတ်တမ်း၏ အချိန် အပိုင်းအခြားခွဲခြားသတ်မှတ်ခြင်း မှတစ်ဆင့်သာမကပဲ ရှေ့မှတ်တမ်းတွင် ကားများ မီးလောင်နေဆဲဖြစ် သည့်အချက်မှတစ်ဆင့်လည်း ကောက်နှုတ်ချက်ချနိုင်ခြင်းဖြစ်သည်။


၁၅၀၀ နာရီအချိန်တွင် မီးများငြိမ်းသွားပြီဖြစ်ပြီး၊ မော်တော်ယာဥ်များ ပြင်းထန်စွာပျက်စီးသွားကြောင်း ပြသည့် (ပုံ ၁၀) နောက်ထပ်မှတ်တမ်းတစ်ခုကိုလည်း Myanmar Witness က ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ အချိန်ကာလအပိုင်းအခြားကို နေကျအရိပ်ဖော်ပြမှုအားအသုံးပြုပြီး သတ်မှတ်ခဲ့သည်။




ပုံ ၁၀ - မီးလောင်ပြီးနောက် ကားများ၏ပုံကို ဒရုန်းဖြင့်ရိုက်ယူထားပုံ။


အဖြစ်အပျက်အား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း


အခင်းဖြစ်ပွားမှု၏ ဓါတ်ပုံအမျိုးမျိုးတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာတွင် ၎င်းတို့သည် - မော်တော်ယာဥ် များအတွင်းလောင်ကျွမ်းနေသည့်မီးများသည် တစ်ဆက်တည်းလောင်သော သို့မဟုတ် မတော်တဆ ဖြစ်သော မီးများမဟုတ်ပဲ သီးခြားစီလောင်သော၊ ပစ်မှတ်ထား၍ရှို့သော မီးများဖြစ်ကြောင်း ဖော်ပြ နေသည်။ ၎င်းကို - မော်တော်ယာဥ်များပတ်ပတ်လည်တွင်ရှိနေသည့် မြေဆီလွှာနှင့် အပင်များ ပျက်စီးမှုမရှိသည့်အချက်က အထင်အရှားထောက်ပြနေသည်။ ၎င်းသုံးသပ်ချက်က မော်တော်ယာဥ်များသည် တမင်ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်းနှင့်၊ မော်တော်ယာဥ်အတွင်းရှိနေသူများသည် ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း ပြောကြားချက်များနှင့် ကိုက်ညီနေသည်။ ဥပမာ- ကန္တရာဝတီတိုင်း(မ်)ထံမှ အောက်ပါပုံအရ မြေပြင်သည် လောင်ကျွမ်းထားမှု မရှိကြောင်း ထင်ရှားနေပြီး အနီးနားရှိအပင်များသည်လည်း ကြီးကြီးမားမားပျက်စီးနေခြင်းမရှိသည်ကို တွေ့ရသည် (ပုံ ၁၁)။




ပုံ ၁၁ - ရှေ့တွင်ဖော်ပြထားသော ကန္တရာဝတီတိုင်း(မ်)၏ ဓါတ်ပုံတွင် မတော်တဆမီးဖြစ်ကြောင်း ဆိုရန် ရုပ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားမရှိသည်ကိုပြသနေသည့်ပုံ။


ထို့အပြင် ခေတ်သစ်မီဒီယာမှ တင်ပြသော ဓါတ်ပုံများတွင်လည်း မီးစလောင်ကျွမ်းရာနှင့် မော်တော် ယာဥ်များ၏ သီးခြားနေရာများကိုဖော်ပြနေပြီး၊ မီးလောင်ဖျက်ဆီးမှုသည် ပစ်မှတ်ထားလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြသေနေသည်။ ယင်းအချက်အရ မီးသည် တိကျသောနေရာတစ်ခုခုမှ လောင်ကျွမ်းပြီး သဘာဝအလျောက်ပျံ့နှံ့သွားခြင်းမဟုတ်သည်ကို ဖော်ပြသည်။ ၎င်းသည် မီးများကို သီးခြားစီ ရှို့ခြင်းဖြစ်ကြောင်း နောက်ထပ် အထောက်အထားတစ်ခုပင်ဖြစ်သည် (ပုံ ၁၂)။ ဒရုန်းဖြင့်ရိုက်ကူးထားသော မော်တော်ယာဥ်များ၏ပုံအရ ယင်းအခင်းဖြစ်ပွားစဥ်အချိန်အတောအတွင်း ယင်းမော်တော်ယာဥ်များအားလုံးသည် တစ်ချိန်တည်းမီးအတူတူလောင်ကျွမ်းခြင်းဖြစ်ကြောင်း ပြသနေသည် (ပုံ ၁၃)။ ယင်းဒရုန်းပုံတွင် အပင်နှင့်မြေဆီလွှာပျက်စီးမှုမရှိပဲ မီးလောင်ကျွမ်းသည့် ချက်မများကိုလည်း သီးခြားပြသနေသည်။




ပုံ ၁၂ - ယင်း မော်တော်ယာဥ်များကြားရှိ မြေပြင်သည် မီးလောင်ပျက်စီးမှုမရှိကြောင်း တွေ့ရသည်။​




ပုံ ၁၃ - လမ်းပေါ်တွင် မီးလောင်ကျွမ်းသည့်ပွိုင့်နေရာများ သီးခြားစီရှိနေပြီး မီးခိုးများအသီးသီး ထွက်နေသည့်ပုံ။


ယင်းမော်တော်ယာဥ်များကို မည်သို့မီးရှို့လိုက်သည်ဟု မေးခွန်းထုတ်စရာရှိသည်။ ရုပ်သံမှတ်တမ်းအရ အခင်းဖြစ်ပွားရာနေရာတွင် ပေါက်ကွဲမှု အမြောက်အများရှိကြောင်းကိုလည်း ပြသနေသည်။ ၎င်းသည် မီးလောင်နေသည့် မော်တော်ယာဥ်တစ်ခုထံမှ အပူရှိန်ကြောင့် ရလဒ်အနေဖြင့် အခြားယာဥ်များကိုလည်း ပေါက်ကွဲသွားစေခြင်းဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ယာဥ်တစ်ခုချင်းစီတို့သည် သိပ်မကွာလှသောအချိန် အပိုင်းအခြားအတွင်း တစ်ခုပြီး တစ်ခုမီးရှို့ခံရ ခြင်းဖြစ်နိုင်ကာ - တစ်ယောက်ထက်ပိုသည့် လူအများပါဝင်ပတ်သက်နေကြောင်း ပြသနေခြင်း ဖြစ်နိုင်သည်။ ယင်းမော်တော်ယာဥ်များ မည်သို့မီးရှို့ခံရသည်ဟူသည့် ပြည့်စုံသော သက်သေ အထောက်အထားကိုမူ Myanmar Witness မှ ရှာဖွေမဖော်ထုတ်နိုင်ခဲ့သော် လည်း ရနိုင်သည့် ဓါတ်ပုံများကို စိတ်ဖြာသုံးသပ်ချက်အရ ယင်းမီးများသည် ပူပျင်းသောရာသီဥတုတွင် ခြောက်သွေ့သော သစ်ပင်များမှ မတော်တဆ သို့မဟုတ် သဘာဝအလျောက်လောင်ကျွမ်းသော မီးများမဟုတ်ကြောင်း Myanmar Witness မှ အတည်ပြုပြောဆိုနိုင်သည်။


အခင်းတွင် ထိခိုက်နစ်နာခဲ့သူများ


[သတိ: စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်ပုံများ ပါဝင်သည်] လူမှုသတင်းမီဒီယာစာမျက်နှာနှင့် သတင်းများပေါ် တွင် တွေ့ရသော ဓါတ်ပုံများအရ အခင်းဖြစ်ပွားရာတွင်ရှိသည့် ရုပ်အလောင်းအများစုတို့မှာ ယာဥ်၏ နောက်ခန်းပေါ်တွင် ရှိနေခဲ့ကြောင်းတွေ့ရသည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ စာမျက်နှာတွင်လည်း ဓါတ်ပုံများကိုတွေ့နိုင်သည်။ ယင်းထိခိုက်နစ်နာသူများသည် ယာဥ်နောက်ခန်း တွင် မီးရှို့မခံရခင် သတ်ဖြတ်ခံလိုက်ရခြင်း ဟုတ်မဟုတ်ကိုမူစုံစမ်း စစ်ဆေးဆဲဖြစ်သည်။


ဤစုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် Myanmar Witness မှပူးပေါင်းလုပ်ဆောင်ခဲ့သည့် Sky News ကမူ - အလောင်းစစ်ဆေးရာတွင်ကူညီခဲ့သည့် ဆရာဝန်တစ်ဦးနှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်းဆိုပြီး ၎င်းက- “ဦး ခေါင်းခွံက လုံးဝ ကျေမွနေတယ်။ သေနတ်နဲ့ ပစ်ခံရတာ ဒါမှမဟုတ် တစ်ခုခုနဲ့ ရိုက်ခံရတာဖြစ်နိုင်တယ်။ ရင်ဘတ်နဲ့ နောက်ကျောမှာ ချွန်ထက်တဲ့အရာဝတ္တုတစ်ခုခုနဲ့ ထိုးသွင်းခံထားရတဲ့ ဒဏ်ရာအချို့တွေ့ရ တယ်”- ဟုဆိုသည်။ ယင်းရုပ်အလောင်းအများစုတို့သည် ကြိုးဖြင့်တုပ်နှောင်ထားခံရသည်ဟုဆိုပြီး ၎င်း အချက်သည် ခေတ်သစ်မီဒီယာမှ တင်ပြသည့် ဓါတ်ပုံများနှင့် ကိုက်ညီမှုရှိနေသည်။


မတူညီသော အရင်းအမြစ်အမြောက်အများတို့က အနည်းဆုံး လူ ၃၇ ဦးသေဆုံးခဲ့ကြောင်းနှင့်၊ သေဆုံး သွားသူများထဲတွင် ကလေးသူငယ်များလည်းပါဝင်ကြောင်း ဆိုသည်။ လူမှုသတင်းမီဒီယာပေါ်ရေးသား ဖော်ပြချက်များတွင်လည်း - ယာဥ်များမှတစ်ဆင့် ထိခိုက်နစ်နာသူအချို့ကို ဖော်ထုတ်ရာတွင်အသုံးပြုစဥ် ယာဥ်လိုင်စင်များသည် ယင်းထိခိုက်နစ်နာသူများပိုင်ဆိုင်သည့် ယာဥ်များဖြစ်ကြောင်းကိုလည်း တွေ့ရသည်။ နောက်ဆက်တွဲ သတင်းများအရ ထိခိုက်သေဆုံးသူထဲတွင် Save The Children အဖွဲ့၏ ဝန်ထမ်းနှစ်ဦးလည်းပါဝင်ကြောင်း သိရသည်။ Save The Children မှ ၂၀၂၁ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အသိပေးထုတ်ပြန်ချက်တွင်မူ “မိမိတို့၏ ဝန်ထမ်းနှစ်ဦးမှာ အနီးနားရှိ လူထုအတွက် လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုအပြီး ရုံးအခြေစိုက်ရာ ဌာနသို့ ပြန်လာ စဥ်တွင် ယင်းအဖြစ်အပျက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရကာ ယခုအထိပျောက်ဆုံးလျက်ရှိသည်။ ၎င်း တို့၏ ကိုယ်ပိုင်မော်တော်ယာဥ်သည် တိုက်ခိုက်ခံရပြီး မီးရှို့ခံရကြောင်းကိုလည်း ကျွန်ုပ်တို့ အတည်ပြု သိရှိထားသည်။ စစ်တပ်သည် လူများအား ၎င်းတို့၏ မော်တော်ယာဥ်များအတွင်းမှ အဓမ္မထွက်ခွာစေ ပြီး၊ အချို့ကိုဖမ်းဆီးကာ၊ အခြားသူများကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကိုမီးရှို့ခဲ့သည်” ဟုဖော်ပြ ထားသည်။ နောက်ရက်အနည်းငယ်အကြာတွင် Save The Children က အဆိုပါဝန်ထမ်းနှစ်ဦး၏သေဆုံး မှုအကြောင်းကို ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းသေဆုံးမှုအ တွက် စစ်တပ်တွင်တာဝန်ရှိကြောင်း ဆိုခဲ့သည်။


မော်တော်ယာဥ်များအတွင်း မီးလောင်ကျွမ်းပြီး သေဆုံးသွားကြောင်းတွေ့ရှိရသည့် ရုပ်အလောင်းများ အပြင် အနီးအနားတွင်လည်း အခြားရုပ်အလောင်းများတွေ့ရှိရကြောင်း အစီရင်ခံဖော်ပြချက်များရှိ သည်။ ယင်းအလောင်းများသည် သေနတ်ဖြင့်ပစ်ခတ်ခံထားရကြောင်းဆိုသည်။ Sky News က မိုဆိုရွာ သတ်ဖြတ်မှုတွင် ထိခိုက်သေဆုံးသူများ၏ မိသားစုဝင်များကို ရှာဖွေဖော်ထုတ်ပြီး စကားပြောခွင့်ရခဲ့ သည်။​ ၎င်းထိခိုက်သူထဲမှတစ်ဦးဖြစ်သည့် လီရဲသည် အဆိုပါ နေရာနားတွင် ပျောက်ဆုံးသွားကြောင်း ဆို သည်။ နိုင်ငံပိုင် သတင်းစာဖြစ်သည့် ကြေးမုံ နေ့စဥ် တွင်မူ မိုဆိုရွာ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ‘ရန်သူ များ’ ၏ ဓါတ်ပုံနှစ်ခုကို ထည့်သွင်းထုတ်ပြန်ခဲ့ကာ (ပုံ ၁၄)၊ စစ်တပ်ထောက်ခံအားပေးသည့် အကောင့် များမှလည်း ၎င်းတို့သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pdf) အဖွဲ့ဝင်များဖြစ်ကြောင်း ဆိုထားသည်။​ အလောင်းများအားရင်ခွဲစစ်ဆေးစဥ်အတွင်းရိုက်ယူထား သည့် ဓါတ်ပုံများကို Sky သတင်းဌာနသို့ ပေးပို့လာခြင်းရှိပြီး ယင်းပုံအရ သေဆုံးသူအမျိုးသားများသည် ယူနီဖောင်းများအောက်တွင် အရပ်သားအဝတ်များ ဝတ်ဆင်ထားကာ၊ နှစ်ဦးလုံး သေနတ်ပစ်ခတ်ခံထား ရသည့်ဒဏ်ရာရှိကြောင်း၊ ၎င်းတို့ ဝတ်ဆင်ထားသည့် ယူနီဖောင်းဝတ်စုံတွင်မူ ကျည်ထိုးဖောက်ရာ နှင့် သွေးစွန်းရာများမတွေ့ရကြောင်း - ပုံ ၁၄ အတိုင်း တွေ့ရသည်။ လက်နေရာကို ဝါးထားသည့် ပုံပါလူ သည်လည်း ပုံကိုရုပ်ထွက်ပြန်လည်ချိန်ဆကြည့်ပါက လက်ပျောက်ဆုံးလျက်ရှိသည်ကို တွေ့နိုင်ကြောင်း Sky News က အစီရင်ခံတင်ပြထားသည်။ ဤအစီရင်ခံစာကိုရေးသားစဥ်အချိန်အထိ ပျောက်ဆုံးလျက် ရှိဆဲဖြစ်သော လီရာဆိုသူသည်လည်း ဘယ်ဘက်လက်မပါပဲ မွေးဖွားလာခဲ့ သူဖြစ်ကြောင်းသိရသည်။ လီရာ၏ညီမဖြစ်သူကလည်း မီးရှို့ခံထားရသည့် ယာဥ်များအထဲတွင် သူ့အကို၏ ဆိုင်ကယ်လည်းပါဝင်ကြောင်း ပြောကြားထားသည်။



ပုံ ၁၄ - စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် “ရန်သူ” တစ်ဦး၏ပုံကို ကြေးမုံနေ့စဥ်သတင်းစာမှ ဖော်ပြထားသည့် ဓါတ်ပုံ။ တစ်ဦးမှာမူလက်တစ်ဖက်နေရာကို ဝါးထားပြီး အခြားတစ်ဖက်တွင် ပုံမှန်မဟုတ်သည့်အနေအထားဖြင့် သေနတ်ကိုင်ထားပုံကို ပြသထားသည်။


ထိခိုက်နစ်နာသူများအား ရှို့မီးအသုံးပြု၍ ဖျက်ဆီးခြင်း


[သတိ - စိတ်မချမ်းမြေ့စရာမြင်ကွင်းများပါဝင်သည်] ယင်းအဖြစ်အပျက်နောက်ပိုင်းတွင် ခေတ်သစ် သ တင်းမီဒီယာဌာနက သေဆုံးသူများ၏ ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးထားသည်ဟု ယူဆရသော စိတ်မချမ်းမြေ့စရာမြင်ကွင်းများပါဝင်သည့် ရုပ်ပုံများကို တင်ပြလာသည်။​ ယင်းပုံများတွင်- ထိခိုက်သေ ဆုံးသူပုဂ္ဂိုလ်များအား လက်နောက်ပြန်၍ ယှက်ထားကာ၊ ၎င်းလက်ကို တုပ်ထားသည့် အရာဝတ္ထုဟုယူ ဆရသော အရာတို့ကို ပြသထားသည် (ယင်းပုံများသည် လွန်စွာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သဖြင့် Myanmar Witness က ဤ အစီရင်ခံစာထဲတွင် ထည့်သွင်း၍ မဖော်ပြထားပါ၊ ယင်းပုံများကို ကြည့်ရှုလို ၍ တောင်းခံလာပါက မိမိတို့အနေဖြင့် ပြသပေးနိုင်ပါသည်)။ ထိခိုက်သေဆုံးသူများသည် မီးရှို့မခံရမှီ သို့ မဟုတ် မီးရှို့ခံရမှုအပြီး တွင်သေဆုံးခြင်းဟုတ်မဟုတ် ယင်းဓါတ်ပုံများက အတည်မပြုပေးနိုင်ပါ။ ယင်း ပုဂ္ဂိုလ်များသည် ကြိုးတုပ်နှောင်ခံရပြီး၊ သတ်ဖြတ်ခံရပြီးသည်နှင့် မီးရှို့ခံလိုက်ရခြင်းဖြစ်နိုင်သကဲ့သို့၊ ကြိုးတုပ်ပြီး အသက်ရှင်နေလျက် မီးရှို့ခံရခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ထိခိုက်သေဆုံးသွားသူ များအနေဖြင့် မီးရှို့ခံရသဖြင့် သေဆုံးသွားခြင်း သို့မဟုတ် သေဆုံးပြီးမှ မီးရှို့ခံလိုက်ရခြင်း ဟုတ်၊ မဟုတ် ကို Myanmar Witness အနေဖြင့် အတည်မပြုနိုင်ပါ။


ပြည်သူ့ဝန်ထမ်းအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်နေသည့် ရဲအရာရှိများဖြင့် ဖွဲ့စည်းထား သည့်၊ စစ်ကောင်စီ တရားဥပဒေစိုးမိုးမှုဆန့်ကျင်ရေး ကွန်ယက်ဖြစ်သည့် ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ကမူ

အလောင်းရင်ခွဲစစ်ဆေးရန်တာဝန်ရှိသည့် ဆရာဝန်များက အလောင်းအများစုတို့ကို ရင်ခွဲစစ်ဆေးနိုင်ခဲ့ ကြောင်း Myanmar Now ကို ပြောကြားခဲ့သည်။ ကံမကောင်းစွာပင် အခြားကျန်ရှိနေသော ရုပ်အလောင်း များမှာ မီးလောင်ဒဏ်ရာကြောင့် လုံးဝပျက်စီးသွားခဲ့ပြီး၊ ထိလိုက်သည်နှင့် ကြွေကျသွားသည်အထိဖြစ် ကာ၊ ရုပ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားများအားလုံး မစုဆောင်းနိုင်ခဲ့ကြောင်းဆိုသည်။ အ လောင်းရင်ခွဲစစ်ဆေးရာတွင်ပါဝင်ခဲ့သည့် ဆရာဝန်တစ်ဦးကမူ- သေဆုံးသူများသည် ၎င်းတို့အား သေ စေနိုင်လောက်အောင် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြပြီး၊ မီးရှို့မခံရမှီတွင်ပင် ယင်းဒဏ်ရာကြောင့် သေဆုံးခဲ့ပြီးဖြစ်နိုင်ကြောင်း ဆိုသည်။ ဓါတ်ခွဲစစ်ဆေးချက်များအရလည်း ထိခိုက်သေဆုံးသူများသည် ရှင်လျက်မီးရှို့ခံရခြင်း သို့မဟုတ် သေဆုံးပြီးမှမီးရှို့ခံရခြင်းဟုတ်မဟုတ် မဆန်းစစ်နိုင်ခဲ့ဟု Myanmar Now က ဆိုသည်။ သို့သော်လည်း ဓါတ်ခွဲခန်းစစ်ဆေးချက်များအရ အချို့သော ရုပ်အလောင်းများ၏ ခ န္ဓာကိုယ်ပေါ်တွင် ထိုးသွင်းဒဏ်ရာများတွေ့ရှိခဲ့ရကြောင်း အတည်ပြုသည်။ ရုပ်အလောင်းများ၏ဆိုးရွား သော အခြေအနေကြောင့် ယင်းထိုးသွင်းဒဏ်ရာများသည် ကျည်ဆန်ကြောင့်ဖြစ်သည် သို့မဟုတ် ချွန် ထက်သော အရာဝတ္ထုကြောင့်ဖြစ်သည်ကို မဆန်းစစ်နိုင်ခဲ့ပါ။ သေဆုံးသွားသူများ၏ မရှုမလှရက်စက် စွာ သတ်ဖြတ်ခံလိုက်ရခြင်းနှင့် သေဆုံးသူများမည်သူမည်ဝါဖြစ်သည်၊ သို့မဟုတ် ထိခိုက်သေဆုံးသူများ နှင့် ကျူးလွန်သူတရားခံများအကြားဆက်နွှယ် မှုအချက်အလက်များ စသည်တို့ကို ဖုံးကွယ်ရန်အတွက် မီးရှို့သည့်နည်းလမ်းကို ရည်ရွယ်ချက်ရှိရှိအသုံးပြုခြင်း ဖြစ်နိုင်သည်။


အလောင်းအမြောက်အများတို့သည် ရုပ်မမှန်းမိနိုင်လောက်အောင် မီးရှို့ဖျက်ဆီး ခံထားရသဖြင့် ထိခိုက်သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းရှာဖွေဖော်ထုတ်ရန် ခက်ခဲခဲ့သည်။ Myanmar Now ၏ ဖော်ပြချက်အရ သေဆုံးသူများ အနက် ၂၆ ဦးတို့မှာ အမျိုးသားများဖြစ်ကြောင်း သိရှိရပြီး၊ ကျန် ၆ ဦးတို့တွင် အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်းရှိသူ မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးများ ဖြစ်ကြသည်။ ယင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်သည့် ရက်သတ္တပတ်အတွင်း ယင်းအခင်းဖြစ် ပွားသည့်အချိန်ဝန်းကျင်ခန့်တွင် လူပေါင်း ၄၂ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသော်လည်း သေဆုံးသူရုပ် အလောင်းများအတွင်း ယင်းပျောက်ဆုံးနေသူများပါဝင်ခြင်းရှိမရှိ မဖော်ထုတ်နိုင်ခဲ့ပါ။ ကျန်ရစ်သူမိသား စုများအနေဖြင့် အခင်းဖြစ်ပွားရာတွင်တွေ့ရသော မော်တော်ယာဥ်များမှတစ်ဆင့် ထိခိုက်သေဆုံးသူများ ကို ခန့်မှန်းခဲ့ကြရသည်။ သေဆုံးသူတစ်ဦးဖြစ်ကြောင်း Myanmar Now မှဆိုသူအနက် ဘူးရယ် ဆိုသူပါဝင်ပြီး၊ ဘူးရယ်၏ ဇနီးဖြစ်သူက ၎င်းခင်ပွန်းမောင်းနှင် သောထော်လာဂျီကို မီးလောင်ရာနေရာတွင် တွေ့ရှိရကြောင်း၊ ၎င်း၏ ခင်ပွန်းဖြစ်သူသည် အိမ်မှ မနက် ၀၇၀၀ နာရီအချိန်တွင်ထွက်ခွာသွားကြောင်း နှင့် ပြန်ရောက်မလာကြောင်းဆိုသည်။ ထို့အပြင် (လုံခြုံရေးအရ နာမည်ပြောင်းဖြင့်ဖော်ပြခြင်းဖြစ် သည့်) ကိုပီတာ ဆိုသူသည်လည်း Honda CR-V အဖြူရောင်အငှားယာဥ်ဖြင့် အိမ်မှထွက်ခွာသွား ကြောင်း၊ ၎င်းမှ အိမ်ပြန်မရောက်လာပဲ မီးလောင်မော်တော်ယာဥ်ဓါတ်ပုံများတင်လာသည့်အခါ ကားပိုင် ရှင်မှ အဆိုပါ ကားလိုင်စင်သည် ကိုပီတာငှားသွားသည့် Honda CR-V ကားနှင့်ကိုက်ညီကြောင်း ဆိုသည်။


ဤအမှုတွင် မည်သည့်အကြောင်းကြောင့် ရှို့မီးကိုအသုံးပြုသည်ဖြစ်စေ ကျူးလွန်သည့်ပုံအရ မြန်မာနိုင် ငံ၏ နယ်မြေဒေသအမျိုးမျိုးတို့တွင် လူအများယင်းသို့ မီးရှို့၍သတ်ဖြတ်ခံရခြင်း သို့မဟုတ် သေဆုံးပြီး မီးရှို့ဖျက်ဆီးခံရခြင်းစသည်တို့ ပြုလုပ်ခံရနေရသည့် ကျူးလွန်မှုအခင်းအကျင်းပုံစံကို ထင်ဟပ်နေစေ သည်။​ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက မီးရှို့သတ်ဖြတ်ခံရသည့် အမှုအမြောက်အများ တို့ကို Myanmar Witness မှ မှတ်တမ်းရယူစုဆောင်းပြီး၊ စိတ်ဖြာသုံးသပ်နိုင်ခဲ့သည်။ ယင်းအမှုများအ နက် အချို့တို့အတွက် သီးခြား အစီရင်ခံစာများ (စစ်ကိုင်းတိုင်းရှိ မီးရှို့ခံရသူရုပ်အလောင်းများအား အတည်ပြုခြင်း - ကိုကြည့်ပါ) ရှိပြီး အခြားအမှုများအတွက်မှာ တိုင်းဒေသကြီးတစ်ခုခုအတွက် သီးသန့် အစီရင်ခံတင်ပြချက်အဖြစ်ရှိသည် (လာမည့်၊ အနောက်မြောက်ပိုင်း အစီရင်ခံစာ - ကိုကြည့်ပါ)။ နောက် ထပ်အမှုဖော်ပြချက်များကိုမူ Myanmar Witness မှ အပြည့်အဝ စိစစ်ရန်ကျန်ရှိနေဆဲ သို့မဟုတ် မစိစစ် နိုင်ပဲဖြစ်နေဆဲ ဖြစ်သည်။


စစ်တပ်မှ ပါဝင်ပတ်သက်နေမှု?


အခင်းဖြစ်ပွားရာနေရာကို ခြုံငုံဖော်ပြပေးပြီး၊ ဘာဖြစ်ခဲ့သည်ဟူသည့် အသေးစိတ်အချက်အလက်အ ပြင်၊ မည်သူများပါဝင်ပတ်သက်နေနိုင်ကြောင်းပြသသည့် မတူညီသော ဒရုန်းဗွီဒီယို မှတ်တမ်းနှစ်ခုကို Myanmar Witness က ရှာဖွေတွေ့ရှိခဲ့သည်။


ပထမ ဒရုန်းဗွီဒီယိုကို အခင်းဖြစ်ပွားရာနေရာအတွင်း မော်တော်ယာဥ်များအားလုံး မီးလောင်ကျွမ်းနေဆဲ ဖြစ်စဥ် ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းသို့မီးလောင်နေမှုကို ကောင်းကင်ထက်မှမြင်တွေ့ရပြီး ယင်းမီး လောင်ရာနေရာမှ လူအချို့ထွက်ခွာသွားသည်ကို ရိုက်ကူးထားသည် (ပုံ ၁၅)။ ၎င်းမှတ်တမ်းသည် အခင်း ဖြစ်ပွားသည့်အချိန်ကို Myanmar Witness မှ အချိန်ခွဲခြားသတ်မှတ်မှု (chronolocation) အစောဆုံးပြု လုပ်နိုင်ခဲ့သည့် မှတ်တမ်းဖြစ်ပြီး၊ ဒေသစံတော်ချိန် ၁၁၃၀-၁၂၀၀ နာရီ ဝန်းကျင်တွင်ဖြစ် ပွားခဲ့ခြင်းဖြစ် သည်။ ထိုမှတ်တမ်းအရ အဆိုပါ အခင်းမှထွက်ခွာသွားသူများသည် မီးလောင်မှုအတွက် တာဝန်ရှိသူများ ဖြစ်သည် သို့မဟုတ် မီးစရှို့သည့်အချိန်တွင် မီးနှင့် နီးကပ်စွာရှိနေသူများဖြစ်သည် ဟူသည့် ယူဆချက် သီအိုရီကို ထောက်ပံ့ပေးနိုင်သည်။​




ပုံ ၁၅ - ၁၁:၃၀ နာရီအချိန်ခန့်တွင် မီးလောင်ရာနေရာမှ လူအချို့လမ်း လျှောက်ထွက်ခွာ သွားသည်ကိုပြသနေသည့် ဒရုန်းမှတ်တမ်း


ဒရုန်းမှတ်တမ်းတွင်ပါဝင်သူများသည် စစ်တပ် ခြေလျင်တပ်ရင်းများရှိသည်ဟု Myanmar Witness မှ ဖော်ထုတ်သိရှိရသည့် နေရာသို့ ဦးတည်သည့် ခြေလျင်လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်၍ ထွက်ခွာသွားသည်ကို ပြသနေပြီး၊ ၎င်းအချက်သည် - အခင်းဖြစ်ပွားမှုတွင် ၅၃၁ ခြေလျင်တပ်ရင်း ပါဝင် ပတ်သက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားမှုကို ထပ်ဆင့် ခိုင်လုံစေနိုင်သည်။ ယင်း စစ်တပ်စခန်း များသည် အခင်းဖြစ်ပွားရာနေရာနှင့် ၂.၇ ကီလိုမီတာ အကွာတွင် (၅၃၁ ခြေလျင်တပ်ရင်း) လည်း ကောင်း၊ ၂.၅ ကီလိုမီတာ အကွာတွင် (၄၂၈ ခြေလျင်တပ်ရင်း) လည်းကောင်း အသီးသီးတည်ရှိသည်။​ (ပုံ ၁၆)




ပုံ ၁၆ - ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ မီးလောင်မှုအခင်းဖြစ်ပွားရာနေရာမှ လူအချို့ ရွေ့လျားထွက်ခွာ သွားသည့် ဦးတည်လမ်းကြောင်း နှင့်၊ စစ်တပ်၏ ၅၃၁ နှင့် ၄၂၈ ခြေလျင်တပ်ရင်းများတည်ရှိရာနေရာ တို့ ကို ဆက်စပ်ပြသပုံ။ အဆိုပါထွက်ခွာသွားသူများသည် ယင်း စစ်တပ် တပ်ရင်းများရှိရာသို့ ဦးတည်သည့် ခြေလျင်လျှောက်လမ်းအတိုင်းတစ်လျှောက် ထွက်ခွာသွားကြသည်။ ဒေသခံများ၏ပြောကြားချက်အရ ယင်းအမှုတွင် ၅၃၁ ခြေလျင်တပ်ရင်းက ပါဝင်ပတ်သက်နေကြောင်း ဆိုသည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မိုဆိုရွာတွင် ပြည်သူများအား သတ်ဖြတ်မှုနှင့် စပ်လျဥ်းပြီး ပုဂ္ဂိုလ် ၂ ဦးတို့ကို ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပိတ်ဆို့စာရင်းသွင်းခဲ့သည်။ ပထမ တစ်ဦးမှာ မြန်မာစစ်တပ်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် နီလင်းအောင်ဖြစ်ပြီး နီလင်းအောင် သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ အခင်းဖြစ်ပွားမှုအတွက် တာဝန်ရှိသူများအပေါ် အပါအဝင် ကယားပြည်နယ်ရှိ တပ်ရင်းများကို တိုက်ရိုက်အမိန့်ပေးကွပ်ကဲသူဖြစ်သည်။


၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မိုဆိုရွာဖြစ်စဥ်နှင့်စပ်လျဥ်းပြီး ၂၀၂၂ ခုနှစ်တွင် ဥရောပသမဂ္ဂမှ ပိတ်ဆို့စာရင်းသွင်းခဲ့သည့် ဒုတိယတစ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ဖြစ်သည်။ စစ်ဆင် ရေးအထူးအဖွဲ့ ၂ ၏ ဗိုလ်ချုပ်ဖြစ်သူ အောင်ဇော်အေးသည် ရှေ့တွင်ဖော်ပြခဲ့သော အရှေ့ပိုင်း စစ်ဌာနအ တွက် ကွပ်ကဲရသည့်တာဝန်ရှိသူလည်းဖြစ်သည်။ ဤ ဖြစ်စဥ်တွင် ယင်းဌာန နှစ်ခုစလုံးအပေါ် သံသယရှိ ရပြီး၊ ခြေလျင်တပ်ရင်း ၅၃၁ နှင့် ၄၂၈ နှစ်ခုစလုံးသည် အဆိုပါ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှု အောက်တွင်ရှိသည်။


နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များကို တွေ့ရခြင်း


အဖမ်းဆီးခံရသည့် ပြည်သူများနှင့် စစ်တပ်အကြားတွင် ဝင်ရောက်ညှိနှိုင်းပေးနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦးတို့သည် ဖရူဆိုတွင် အဆိုပါမိုဆိုအခင်းဖြစ်ပွားသည့်နေ့၌ပင် ခေါင်းကိုသေနတ်ဖြင့် တေ့၍ ပစ်သတ်ခံခဲ့ရပြီး ယာဥ်များအတွင်း ထည့်၍ မီးရှို့ခံလိုက်ရကြောင်း ခေတ်သစ်မီဒီယာက တင်ပြထား သည်။ Myanmar Peace Monitor ၏ဖော်ပြချက်အရ BGF သည် သာမန် စစ်တပ်တပ်ဖွဲ့ဖြစ်ပြီး မြန်မာ စစ်တပ်နှင့် ဖွဲ့စည်းပုံ တူညီကြောင်းသိရသည်။ မြန်မာစစ်တပ်သည် BGF ၏ လှုပ်ရှားမှုများအားလုံးအပေါ် အပြည့်အဝ ထိန်းချုပ်မှုရှိပြီး စစ်ဆင်ရေးများတွင် စစ်တပ်နှင့် BGF တို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ် ကြောင်း သိရသည်။​ BGF တပ်ဖွဲ့ ဗိုလ်မှူးများသည် စိန်ပြောင်းစသည့် လက်နက်ကြီးများကို အသုံးပြုခွင့် ရသော်လည်း ၎င်းတို့ ရှိနေသည့် နယ်မြေဒေသများအတွင်းတွင်သာ ကင်းလှည့်နိုင်ခြင်းဖြစ်ပြီး၊ မြန်မာ စစ်တပ်မှာမူ လွတ်လပ်စွာ သွားလာအသုံးပြုနိုင်ခြင်းဖြစ်သည်။ အဆိုပါ BGF အဖွဲ့ဝင်များသည် အဆိုပါ ဖမ်းဆီးခံရပြီး နောက်ပိုင်းသေဆုံးသွားသူများအား လွှတ်ပေးရန် ညှိနှိုင်းခဲ့ကြကြောင်းနှင့်၊ ၎င်းတို့ကိုယ် တိုင် စစ်တပ်၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ခေတ်သစ်မီဒီယာက ဆိုသည်။​


Myanmar Witness မှ UGC စနစ်မှ ရယူထားသည့်အချက်အလက်အရ ယင်း BGF အဖွဲ့ဝင်ဟုဆိုသူများ ကို မြေနိမ့်ပိုင်းတစ်နေရာတွင် တွေ့ရသည်။ ၎င်းတို့၏ ရုပ်အလောင်းများကို ဒီမော့ဆိုမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက အပေါ်သို့ မ တင်ခဲ့ကြသည်။ ယင်းအခင်းဓါတ်ပုံများကို KNDF က တင်ပြလာ ပြီး အဆိုပါ ၄ ဦးသည် ၎င်းတို့၏ ယူနီဖောင်းဝတ်စုံပေါ်တွင် မြန်မာနိုင်ငံအလံ တံဆိပ်များဝတ်ဆင်ထား ကာ၊ လက်ပြန်ကြိုးတုပ်ခံထားရသည်ကို တွေ့ရသည်။ BGF အဖွဲ့ဝင်များ ပစ်သတ်ခံခဲ့ရသည်ဟု အဆိုရှိ ထားသည့်အတိုင်း ဓါတ်ပုံအများစုတို့တွင် အဆိုပါ BGF ၄ ဦးတို့ ဦးခေါင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာ ရရှိ ထားမှုတို့မှာ ကိုက်ညီနေကြောင်းတွေ့ရသည်။ ၎င်းတို့အလောင်းများ၏ နံဘေးတွင် ဘရိတ်ဆီတစ်ပု လင်းကိုလည်းတွေ့ရပြီး၊ အနီးအနားတစ်ဝှိုက်တွင် ကလေးဝတ် အဝတ်အစားတို့ကိုလည်း တွေ့ရသည်။ (ပုံ ၁၇)






ပုံ ၁၇ - BGF အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုကြသော သူများအား ကြိုးဟုယူဆရသည့် အရာဖြင့် လက်ပြန် ကြိုးတုပ်၍ ပစ်သတ်ခံထားရသည်ကို အလောင်းများဘေးအနီး ဘရိတ်ဆီပုလင်းတစ်ခုနှင့်အတူ တွေ့ရ စဥ်


မြန်မာအစိုးရ အာဏာပိုင်များကမူ ယင်းသေဆုံးသူ ၄ ဦးမှာ BGF အဖွဲ့ဝင်များဖြစ်သည်ဟု စွပ်စွဲချက်များ အပေါ် တုံ့ပြန်ဖြေကြားလာခဲ့သည်။ “... တချို့ PDF တွေက BGF စခန်းတွေဆီကနေ အကူအညီယူတယ်။ အရပ်သားဝတ်စုံနဲ့ BGF လေးဦးတို့ က သူတို့နောက် လိုက်သွားတယ်။ ပြီးတော့ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံရတယ်။ သူတို့ စခန်းကနေ ထွက်သွားတဲ့အချိန်မှာ အရပ်သားဝတ်စုံတွေဝတ်ထားတယ်။ သူတို့ရဲ့ အလောင်းတွေကို တွေ့တဲ့အခါမှာ ကျ BGF ယူနီဖောင်းတွေ ဝတ်ထားတယ်” ဟု ၎င်းတို့က ဆို သည်။​ ယင်းသို့ ပြောကြားချက်သည် တိကျရေရာမှုမရှိသော်လည်း မြန်မာအစိုးရက ဆိုလိုသည်မှာ - အ ဆိုပါ BGF များသေဆုံးမှုတွင် PDF အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည်ဟု ရည်ညွှန်းဟန်ရှိသည်။ ထို့အ ပြင် ယင်းသို့ပြောကြားချက်အရ သေဆုံးသူများကို အသတ်မခံရမှီ တစ်နေရာရာတွင် ဦးစွာ ဝတ်စုံဝတ် ပေးပြီး လက်ကြိုးတုပ်ခံရခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဟုတ်မဟုတ် မရှင်းလင်းပါ။ BGF များသေဆုံးမှု သည် PDF များမှ အကူအညီလာတောင်းခံကြောင်း နောက်ဆုံးသိရှိရပြီးနောက် သေဆုံးခြင်းဖြစ်သဖြင့် ၎င်းတို့ကြောင့်ဖြစ်သည်ဟု ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာ (GBLM) သတင်းဌာနက အစိုးရ၏ ထုတ် ပြန်ချက်နှင့်တူညီစွာ တင်ပြထားသည်။​ ယင်းသို့ BGF များအား သတ်ဖြတ်မှုသည် BGF နှင့် စစ်တပ်အ ကြား တင်းမာမှုများဖြစ်ပေါ်အောင် စစ်တပ်အား အကွက်ချ၍စီစဥ်သည့် ကြိုးပမ်းမှုတစ်ရပ်သာဖြစ် ကြောင်း GNLM က ဆိုထားသည်။ အစိုးရနှင့် ယင်းသတင်းဌာနများအနေဖြင့် သေဆုံးသူများသည် BGF. အဖွဲ့ဝင်များမဟုတ်ဟု ငြင်းဆိုဟန်မရှိပဲ၊ နှစ်ဖက်စလုံးက ယင်းအမှုကို မည်သူက ကျူးလွန်သည်ဟူသည့် အပေါ် အပြိုင်အဆိုင်ငြင်းဆိုမှုများရှိနေသည်။


နိဂုံး


Myanmar Witness မှ အများရယူနိုင်သည့် အရင်းအမြစ်များမှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်အရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ယာဥ်များပေါ်၌ပြည်သူများမီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဥ်၏ တည်နေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ ယင်း ကိုသြဒိနိတ်အမှတ်များကို အဖြစ်အပျက်နှင့်စပ်လျဥ်း ပြီး UGC နှိုင်းယှဥ်စိတ်ဖြာသုံးသပ်ချက်များနှင့်အတူ၊ ဂြိုဟ်တု ဆက်တလိုက် ဓါတ်ပုံများနှင့် ယင်းတည် နေရာထံမှ ထွက်လာသည့် လူမှုသတင်းမီဒီယာ ရေးသားဖော်ပြချက် ပို့စ်များ စသည်တို့မှတစ်ဆင့် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သေဆုံးသူများ၊​ အထူးသဖြင့် မီးရှို့သတ်ဖြတ်ခံရသူများ ၏ ဖြစ် စဥ်သည် Myanmar Witness မှ ဖော်ထုတ်တွေ့ရှိခဲ့ရသည့် မြန်မာနိုင်ငံအတွင်း စိုးရိမ်ဖွယ်ရာ အခြေအနေ များ ဆက်တိုက်ပုံစံဖြင့် ဖြစ်ပွားနေမှု အသွင်ကို ထင်ဟပ်ပြသနေသည်။​ ဤ ဖြစ်စဥ်သည် စစ်တပ်မှ ကျူး လွန်သည်ဟူ၍ လူမှုသတင်းမီဒီယာများနှင့် သတင်းဌာနများမှဆိုသည့် အမြောက်အများသတ်ဖြတ်ခံရမှု၊ မီးရှို့ခံရမှုတို့အနက် ဖြစ်စဥ်တစ်ခုသာဖြစ်သည်။


Myanmar Witness သည် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်ပွားသည့်နေရာအနီးတွင်ရှိသည့် စစ်တပ် တပ်ရင်း နှစ် ခုဖြစ်သည့် ခြေလျင်တပ်ရင်း ၅၃၁ နှင့် ၄၂၈ တို့၏ တည်နေရာကိုလည်း အတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် UGC ဒရုန်းမှတ်တမ်းတွင်လည်း- မီးလောင်ရာနေရာမှ လူအချို့တို့ အဆိုပါနေရာ၏ အရှေ့မြောက်ဘက် သို့ ထွက်ခွာသွားကြောင်းပြသနေပြီး ၎င်းသည် ခြေလျင်တပ်ရင်း ၅၃၁ ရှိသည့် အရှေပိုင်းတည်နေရာ နှင့် တူညီသော ဘက်ကျသည်။ သို့သော်လည်း အဆိုပါ ထွက်ခွာသွားသူများမှာ စစ်တပ်မှ စစ်သားများဟုတ်၊ မဟုတ်နှင့် မီးလောင်မှုအတွက် အဆိုပါထွက်ခွာသွားသူများတွင် တာဝန်ရှိ၊ မရှိ တို့ကိုမူ Myanmar Witness မှ အတည်ပြုနိုင်ခဲ့ခြင်းမရှိပါ။​ သို့သော်လည်း အခြားတွေ့ရှိရသည့် မှတ်တမ်းများထက် အစော ဆုံးဖြစ်သည့် မှတ်တမ်းတွင်ပါသည့် ဒေသစံတော်ချိန် ၁၁၃၀-၁၂၀၀ နာရီဟုဖော်ပြချက်အရ ယင်းအခင်း ဖြစ်ပွားရာနေရာတစ်ဝှိုက်အတွင်း ၎င်းတို့ရှိမှုမှာ မှတ်ချက်ပြုစရာဖြစ်သည်။ အခင်းဖြစ်ပွားသည့် အချိန်မှာလည်း ယင်းမှတ်တမ်းတွင် ပါဝင်သည့်အချိန် အတောအတွင်း မရှေးမနှောင်း နီးကပ်စွာဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းမှတ်တမ်းက ရည်ညွှန်းနေသည်။


ဤဖြစ်စဥ်အပေါ်စုံစမ်းစစ်ဆေးမှုပြုလုပ်စဥ် Myanmar Witness သည် ဖရူဆိုတွင် စစ်တပ်မှ BGF အဖွဲ့ ဝင် လေးဦးတို့ကို သတ်ဖြတ်လိုက်ကြောင်းစွပ်စွဲမှုနှင့်စပ်လျဥ်းပြီး ယင်း BGF များဟုဆိုသည့် လက်ပြန် ကြိုးတုပ်ခံရပြီး သေဆုံးသွားသူများ၏ ဓါတ်ပုံများကိုလည်း ကြည့်ရှုသုံးသပ်ခွင့်ရခဲ့သည်။ သို့သော် UGC ပုံတွင် ဖော်ပြထားသော အနီးအနားပတ်ဝန်းကျင်များသည် မည်သည့်အရာဖြစ်ကြောင်းပုံ သဏ္ဍာန်တိတိ ကျကျဖော်ပြနိုင်မှုမရှိပဲ၊ ယင်းဓါတ်ပုံများကို တည်နေရာ သို့မဟုတ် အချိန်တစ်ခုခုနှင့်ချိတ်ဆက် ဆက် နွှယ်ပြရန်မဖြစ်နိုင်သဖြင့် ယင်းသို့ BGF ဖြစ်ကြောင်း စွပ်စွဲချက်ကို အတည်မပြုနိုင်ပါ။ သို့သော်လည်း ဓါတ်ပုံများတွင် ပါဝင်သူများမှာ အမှန်တကယ်လက်ပြန်ကြိုးတုပ်ခံ ထားရသည်ကို ပြနေသည်။


မြန်မာနိုင်ငံအတွင်း လူအများအားမီးရှို့သတ်ဖြတ်ခြင်းနှင့်ဆိုင်သည့် နောက်ထပ်သတင်းအချက် အလက် များအတွက် အဆိုပါ အစီရင်ခံစာများကို ကြည့်ပါ -

- စစ်ကိုင်းတိုင်းရှိ မီးရှို့ခံရသူရုပ်အလောင်းများအား အတည်ပြုခြင်း

- အနောက်မြောက်ပိုင်း အစီရင်ခံစာ (လာမည့်)


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)