မင်းတပ်မြို့နယ်၌ အသတ်ခံရခြင်း

Myanmar Witness

4 Oct 2022

Report Published:

5.png
4.png
3.png

နောက်ဆက်တွဲဖြစ်ရပ် စုံစမ်းစစ်ဆေးခြင်း


မင်းတပ်မြို့နယ်၌ အသတ်ခံရခြင်း

ကလေးသူငယ်များအပါအဝင် အရပ်သားများကို မတူညီသောဖြစ်စဉ်များတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု


၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့၊ Myanmar Witness မှ အစီရင်ခံစာ


ဤအစီရင်ခံစာသည် Myanmar Witness မှ အစီရင်ခံခဲ့သည့် မင်းတပ်မြို့နယ်၊ မဒပ်ကျေးရွာတွင် ဒဏ်ရာရရှိသွားသော ကလေးငယ် အစီရင်ခံစာ ၏ နောက်ဆက်တွဲအစီရင်ခံစာဖြစ်သည်။

________________________________________

အဓိကဖြစ်စဉ်အသေးစိတ်


● အခင်းဖြစ်ပွားရာတည်နေရာ - နေရာမျိုးစုံ

○ မဒပ်ရွာ [21.319900, 93.915766]

○ ကြာအိမ်နူးရွာ [21.320791, 93.892182]

○ မွီတွီရွာ [21.428881, 93.920891]


● ဖြစ်ပွားသည့်ရက်စွဲ/အချိန်- ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက် နှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်


● ကျူးလွန်သူအဖြစ် စွပ်စွဲခံရသူ(များ) နှင့်/သို့မဟုတ် ပါဝင်ပတ်သက်သူများ- အမှတ် (၂၇၄) ခြေမြန်တပ်ရင်း


● Myanmar Witness ၏ ကောက်နုတ်ချက်များ -

○ Myanmar Witness အ‌နေဖြင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်၏ ဓာတ်ပုံများကို အပြည့်အဝ အတည်မပြုနိုင်သော်လည်း Myanmar Witness ထံသို့ပေးပို့လာသည့် ဒဏ်ရာရရှိခဲ့သော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံတွင် မြင်တွေ့ရသော ဒဏ်ရာများကို အကဲဖြတ်စိစစ်ခြင်း ပြုလုပ်နိုင်ခဲ့သည်။ ထိုဖြစ်စဉ် ကို မဒပ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲခဲ့ကြပြီး ဤ အစီရင်ခံစာ (မင်းတပ်မြို့ရှိ မဒပ်ရွာတွင် ဒဏ်ရာရရှိခဲ့သော ကလေး) တွင် ပါဝင်သော အိမ်နှင့်အတူတူပင် ဖြစ်သည်။ ထိုအိမ်မှာ ဒဏ်ရာရှိခဲ့သော ကလေး နေထိုင်ရာအိမ်ဖြစ်ပြီး ၎င်း၏ အစ်ကိုမှာ အကြမ်းဖက်မှုကျူးလွန်ခံရသူ ဖြစ်ကြောင်း စွပ်စွဲချက်များ ရှိသည်။

○ ဤတိုက်ခိုက်မှုကို အတည်ပြုနိုင်သည့် ရုပ်သံမှတ်တမ်း မရှိသောကြောင့် Myanmar Witness အနေဖြင့် ဤကလေးငယ် မည်ကဲ့သို အသတ်ခံရသည်ကို သီးခြားအတည်မပြုနိုင်ခဲ့ပါ။ သို့သော် အပျက်အစီး အပိုင်းအစများက အိမ်၏ နံရံကို ထိုးဖောက်၍ ကလေးငယ်ကို ထိမှန်သွားနိုင်ကြောင်း ရည်ညွှန်းနေသည့် ရုပ်သံမှတ်တမ်းတစ်ခုကို Myanmar Witness အနေဖြင့် စိစစ်လေ့လာခဲ့သည်။


○ ပစ်ခတ်မှုများအပြီးတွင် မဒပ်ရွာ၌ ခဲယမ်းများတွေ့ရှိခဲ့ရသည် ဟူသော ရုပ်သံမှတ်တမ်းထဲရှိ ခဲယမ်းများကိုလည်း စိစစ်ခဲ့ပြီး မြန်မာစစ်တပ်မှ အသုံးပြုသည့် ၁၂၀ မမ အမြောက်ကျည်များနှင့် ကိုက်ညီနေသည်ကို တွေ့ရှိခဲ့ရသည်။ ကျေးရွာအတွင်း ဖြစ်ပျက်ခဲ့သော ပစ်ခတ်မှုများ အနီးအနားတွင် စစ်တပ်စခန်း တစ်ခုရှိသည်ကိုလည်း တွေ့ရှိအတည်ပြုနိုင်ခဲ့ပြီး ထိုစခန်းထဲတွင် အမြောက်လက်နက် တစ်ခုရှိကြောင်းကိုလည်း တွေ့ရှိခဲ့ရသည်။ သို့သော် ထို လက်နက်ဖြင့် ပစ်ခတ်မှုများတွင် တွေ့ရှိရသော ကျည်တောင့်များကို ပစ်ခတ်ခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ခဲ့ပါ။


○ ဤဖြစ်စဉ်မှာ ကြာအိမ်နူး နှင့် မွီတွီရွာများတွင် ဖြစ်ပျက်ခဲ့သော ပစ်ခတ်မှုဖြစ်စဉ်များ၏ ရုပ်သံမှတ်တမ်းများနှင့် ဆက်စပ်မှု နည်းပါးသော်လည်း ထိုမှတ်တမ်းများကို လေ့လာခြင်းဖြင့် မင်းတပ်မြို့နယ် အတွင်းရှိ အရပ်သားများနေထိုင်ရာ နေရာများကို တိုက်ခိုက်နိုင်သည့် ပုံစံများကို ဆက်စပ် လေ့လာနိုင်သည်။

○ ဤဖြစ်စဉ်များသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ အရပ်သားဒေသများအတွင်း ပစ်ခတ်တိုက်ခိုက်ခံရမှု စွပ်စွဲချက်များကို မှတ်တမ်းတင်ထားသော Myanmar Witness ၏ စောင့်ကြည့်လေ့လာမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများစွာထဲမှ တစ်ခုဖြစ်သည်။


အဓိကအချက်အလက် အကျဉ်းချုပ်

(ခမရ) ၇၂၄ စစ်စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်ရှိ အရပ်သား ထိခိုက်သေဆုံးမှုနှင့် သေဆုံးမှု အစီရင်ခံစာများကို Myanmar Witness က စုံစမ်းစစ်ဆေးခဲ့သည်။ ထိုထဲတွင်၊ (၁) - ဇွန်လ ၁၆ ရက်နေ့ မွီတွီရွာ၌ နေအိမ်များ ဖျက်ဆီးခံရမှုနှင့် ရွာသားများ အသတ်ခံခဲ့ရကြောင်း သတင်းပို့ကြားချက်များ၊ (၂) - ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်နှင့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်တို့တွင် မဒပ်ကျေးရွာ၌ ညီအကိုနှစ်ဦးသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု သတင်းပို့ကြားချက်များ၊ (၃) - ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ကြာအိမ်နူး ကျေးရွာရှိ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် အကြောင်းများ ပါရှိသည်။ အဆိုပါကျေးရွာများအားလုံးသည် မင်းတပ်မြို့ ရှိ (ခမရ) ၂၇၄ တပ်ရင်း စစ်စခန်း၏ ပစ်ခတ်မှု အကွာအဝေး ၇ သို့မဟုတ် ၈ ကီလိုမီတာအတွင်းတွင် တည်ရှိကြသည်။


ပုံ - (၁)။ ။ မင်းတပ်မြို့နယ် နှင့် (ခမရ) ၂၇၄ တပ်စခန်းနှင့် ဆက်စပ်နေသော မဒပ်ရွာ၊ ကြာအိမ်နူးရွာနှင့် မွီတွီရွာတို့ကို ပြသသော သရုပ်ပြမြေပုံ။


၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မင်းတပ်မြို့နယ်၊ မွီတွီ ကျေးရွာတွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားများ သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ မွီတွီရွာတွင် သေဆုံးသူများကို ညွှန်ပြထားသော အသုံးပြုသူများကိုယ်တိုင်မှ တင်သွင်းခဲ့သောမှတ်တမ်းများ (User Generated Content) ကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။ သို့သော် ထိုပုံများသည် သေဆုံးမှုများကို ဖော်ပြထားသည့် ပုံများနှင့် ကိုက်ညီမှုရှိပြီး ထိုရွာအား ဖျက်ဆီးမှုကို ပြသထားသည့် အခြားသောဓာတ်ပုံများ၏ တည်နေရာကို Myanmar Witness မှ ခြေရာခံနိုင်ခဲ့သည်။

ချင်းတွင်းသတင်းအေဂျင်စီ ၏ တင်ပြချက်အရ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ (ခမရ) ၂၇၄ တပ်ရင်းမှ အရပ်သားများနေထိုင်ရာ နေရာများတွင် အမြောက်ကျည်များ ပစ်ခတ်ခဲ့ကြောင်း သတင်းပို့ခဲ့ပြီး မဒပ်ရွာရှိ ၁၃ နှစ်သား ကလေးတစ်ဦးလည်း သေဆုံးသွားကြောင်း ဖော်ပြခဲ့သည်။ ထိုကလေးမှာ ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိခင်နှင့်အတူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ၁၀ နှစ်အရွယ် ကလေးငယ်၏ အစ်ကိုဖြစ်သူ ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ ဤဖြစ်စဉ်ကို Myanmar Witness ၏ မင်းတပ်မြို့နယ်၊ မဒပ်ကျေးရွာတွင် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။


Myanmar Witness အနေဖြင့် သေဆုံးသွားသော ကလေးငယ်၏ ပုံများကို အပြည့်အဝ သေချာစွာ စစ်ဆေးနိုင်ခြင်း မရှိခဲ့သော်လည်း ထိုကလေးငယ်ဟု ယူဆထားကြသော သေဆုံးနေသည့် ကလေးငယ်တစ်ဦး၏ ဓာတ်ပုံများကို စိစစ်စစ်ဆေးနိုင်ခဲ့သည်။ ထိုပုံများထဲရှိ ဒဏ်ရာများမှာ မျက်မြင်သက်သေများ၏ ထွက်ဆိုမှုနှင့် တိုက်ဆိုင်မှု ရှိနေကြောင်းကို တွေ့ရှိခဲ့ရပြီး ထိုထွက်ဆိုမှုများကို Myanmar Witness ၏ ပူးပေါင်းလက်တွဲဖော်များမှ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


ဤ ပစ်ခတ်တိုက်ခိုက်မှုကို အတိအကျ အတည်ပြုနိုင်သော ရုပ်သံမှတ်တမ်း မရှိသောကြောင့် Myanmar Witness အနေဖြင့် ဤကလေး မည်ကဲ့သို့ အသတ်ခံရသည်ကို သီးခြားအတည်ပြုရန် မဖြစ်နိုင်ခဲ့ပါ။ သို့သော် မဒပ်ကျေးရွာရှိ ကလေး၏နေအိမ်ဟု ယူဆရသော ဓာတ်ပုံများ၏ တည်နေရာကို Myanmar Witness မှ စုံစမ်းဖော်ထုတ်ခဲ့သည်။ သစ်သားနံရံနှင့် အိမ်အတွင်းပိုင်းရှိ အပေါက်များအပြင် အိမ်အနီးအနားရှိ ပျက်စီးနေသော အရာများက ထိုအိမ်၏ ပျက်စီးမှု အပေါ်တွင် တစ်မျိုးတစ်ဖုံသက်ရောက်နေကြောင်း ညွှန်ပြလျက်ရှိသည်။ ထိုအိမ်မှာ ကလေး၏အစ်ကိုနှင့် ပတ်သက်သည့် အခင်းဖြစ်ပွားမှုတွင် Myanmar Witness မှ စုံစမ်းဖော်ထုတ်ထားသော အိမ်တည်နေရာနှင့် ကိုက်ညီလျက်ရှိသည်။


မဒပ်ကျေးရွာတွင် တိုက်ခိုက်မှုအပြီး တွေ့ရှိရသည်ဟုဆိုသည့် ကျည်ဆံများသည် မြန်မာစစ်တပ်က အသုံးပြုသည့် ၁၂၀ မမ အမြောက်ကျည်များနှင့် ကိုက်ညီနေလျက်ရှိကြောင်း တွေ့ရသည်။ Myanmar Witness အနေဖြင့် ရွာအနီးအနားရှိ ပစ်ခတ်နိုင်မှု အကွာအဝေးအတွင်း စစ်စခန်းတစ်ခုရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ကျွန်ုပ်တို့၏ နောက်ဆုံးအစီရင်ခံစာအရ ထိုစစ်စခန်းတွင် ရှိနေခဲ့သည့် အမြောက်လက်နက် တစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ထို အမြောက်လက်နက်မှာ ပစ်ခတ်မှုများတွင် တွေ့ရှိရသော ကျည်တောင့်များကို ပစ်ခတ်ခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ခဲ့ပါ။


Myanmar Witness အနေဖြင့် ကြာအိမ်နူးရွာတွင် အိမ်တစ်လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည့် ဓာတ်ပုံမှတ်တမ်းများ ကို မီဒီယာမှ သတင်းတင်ဆက်မှုများနှင့် တိုက်ဆိုင်စစ်ဆေး၍ တည်နေရာကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့သော်လည်း ထိုအိမ်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ အတိအကျတွင် ဖျက်ဆီးခံရမှု ရှိ၊ မရှိကိုတော့ ၁ဝဝ ရာခိုင်နှုန်း သေချာစွာ အတည်မပြုနိုင်ခဲ့ပါ။


မင်းတပ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဤဖြစ်ရပ်များသည် Myanmar Witness မှ စောင့်ကြည့်လေ့လာခဲ့သော ဆန်းစစ်မှုများထဲမှ အချို့ဖြစ်ပြီး အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံတွင် အရပ်သားနေထိုင်ရာ ဒေသများ၌ တိုက်ခိုက်ပစ်ခတ်မှုများကြောင့် (ယခုဖြစ်ရပ်တွင်) အရပ်သားများ သေဆုံးမှုအထိ ဖြစ်ပွားခဲ့သည်ဟူသော စွပ်စွဲချက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။


[သတိပေးချက် - စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်များ /ဂရပ်ဖစ်] ကို ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသွားသူများ၏ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ နှင့် စိတ်ဆင်းရဲစရာပုံများကို ပြသထားသည့် လင့်ခ်များ၏ အရှေ့တွင် သတိပေးစာတန်းအဖြစ် ထည့်သွင်းထားပါသည်။


နောက်ခံအကြောင်းအရာ

၂၀၂၁ ခုနှစ်၊ ဆောင်းဦးပေါက်မှစ၍ ချင်းပြည်နယ်အတွင်းရှိ စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများကို Myanmar Witness အနေဖြင့် စောင့်ကြည့်လေ့လာခဲ့သည်။


၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့အရှေ့ဘက်ရှိ အမှတ် (၂၇၄) ခြေမြန်တပ်ရင်း စစ်စခန်းသို့ လက်နက်များနှင့် စစ်သားများပါဝင်သော စစ်သုံးယာဉ် ၇ဝ ကျော်ပါဝင်သည့် စစ်ယာဉ်တန်း တစ်ခုရောက်ရှိလာခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) မှ သတင်းပေးပို့ခဲ့သည်။


၂၀၂၂ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် Channel Taunggyi မှ အမှတ် (၂၇၄) ခြေမြန်တပ်ရင်း စစ်စခန်းကို ပြသထားသော ဒရုန်းပုံရိပ်ကို ပို့စ်တင်ခဲ့ပြီး ထိုထဲတွင် စခန်းထဲရှိ စစ်သုံးယာဉ်များကို တွေ့ရှိခဲ့ရသည်။ Myanmar Witness အနေဖြင့် ထိုပုံရိပ်များ၏ တည်နေရာကို ခြေရာခံခဲ့ရာ ကိုဩဒိနိတ် 21.373507, 93.935312 တွင် တွေ့ရှိခဲ့ရပြီး (ပုံ - ၂) တွင်ပါဝင်သော စခန်း၏ တည်နေရာနှင့် တိုက်ဆိုင်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့နှင့် မေလ ၂၀ ရက်နေ့များတွင် ထိုဒေသ အနီးအနားတစ်ဝိုက်၌ စစ်သုံးယာဉ်များ သွားလာခဲ့ကြောင်းကို စာဖြင့် ဖော်ပြခဲ့မှုများလည်း ရှိခဲ့သည် (ဥပမာ - Witness Daily၊ CDF-Mindat)။



ပုံ - ၂။ ။ (ခမရ) ၂၇၄ တပ်စခန်းတွင် တပ်စွဲထားသော စစ်ယာဉ်တန်း။


CDF Mindat, ၏ အဆိုအရ ၎င်းတို့ ၏ တပ်ဖွဲ့ဝင်များသည် ၂ဝ၂၂ ခုနှစ် မေလ ၂၂ ရက်နေ့ ည ၁ဝ နာရီခန့်အချိန်တွင် မင်းတပ်မြို့ရှိ မင်းတပ်မီးသတ်စခန်း [ကိုဩဒိနိတ် - 21.378580, 93.990719] ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။


ဤသည်မှာ လေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုဖြစ်နိုင်ပြီး Chindwin Post ၏ အဆိုအရ ထိုလေကြောင်းတိုက်ခိုက်မှုမှာ ၂ဝ၂၂ ခုနှစ် မေလ ၂၃ ရက်နေ့ မနက် ၈ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုဖြစ်စဉ်တွင် မဒပ်ရွာရှိ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုလည်း ဆိုသည်။


Myanmar Witness အနေဖြင့် ဤအစီရင်ခံစာမတိုင်ခင် ရေးသားတင်ဆက်ခဲ့သော Child Injured in M’dat Village, Mindat Township (မင်းတပ်‌မြို့နယ်၊ မဒပ်ကျေးရွာ၌ ဒဏ်ရာရရှိခဲ့သောကလေး) အစီရင်ခံစာ ထဲတွင် ဤဖြစ်စဉ်များနှင့် သက်ဆိုင်သော ရုပ်သံမှတ်တမ်းများကို ရှာဖွေစုဆောင်းကာ အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့သည်။

ပုံ - ၃။ ။ မင်းတပ်မြို့နယ်ရှိ ခြေမြန်တပ်ရင်း (၂၇၄) ၏ စစ်အခြေစိုက်စခန်းကို ပြသသည့် အရည်အသွေးမြင့် ဂြိုလ်တုပုံရိပ်။


ယခုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လက်နက်ကြီးကျည်ဆန်များ ထပ်မံကျရောက်ကာ နေအိမ်များ ပျက်စီး၍ အရပ်သားများ သေဆုံးခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။ ဖြစ်ရပ်တစ်ခုတွင် မူလအခင်းဖြစ်ပွားပြီး တစ်လကျော်အကြာတွင် Myanmar Witness မှ တင်ဆက်ထားသော ဤဖြစ်ရပ်တွင် ပါရှိခဲ့သော ကလေးငယ်၏ အစ်ကိုမှာလည်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ကြောင်း စွပ်စွဲမှုများရှိခဲ့သည်။


လေ့လာဆန်းစစ်မှု နည်းစနစ်


Myanmar Witness သည် ဒစ်ဂျစ်တယ်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်ကို လိုက်နာပြီး တင်းကျပ်သော၊ ပုံတူပွား အတုယူနိုင်သော ခွဲခြမ်းစိတ်ဖြာခြင်း နည်းစနစ်များကို အသုံးပြုထားသည်။ ဒစ်ဂျစ်တယ်အထောက်အထားများကို လုံခြုံသော ဒေတာဘေ့စ်တွင် စုဆောင်းသိမ်းဆည်းထားပြီး စစ်မှန်ကြောင်းအတည်ပြုနိုင်ရန်နှင့် ကြားဖြတ်ပုံစံပြောင်းခြင်းမှ ကာကွယ်ရန် hashing စနစ်ဖြင့် ထိန်းသိမ်းထားသည်။


Myanmar Witness သည် သီးခြားဖြစ်ရပ်တစ်ခုနှင့်ပတ်သက်သည့် ရုပ်သံမှတ်တမ်းကို မည်သည့်အတိုင်းအတာ အထိ စိစစ်အတည်ပြုပြီးဖြစ်ကြောင်း ဖော်ပြရန် အဆင့် ၄ ဆင့်ဖြင့် ခွဲခြားထားသည့်စနစ်ကို ကျင့်သုံးထားသည်။


အပြည့်အစုံစစ်ဆေးအတည်ပြုပြီး - အခင်းဖြစ်ပွားသည့်အချိန်နှင့် တည်နေရာ စွပ်စွဲချက်များနှင့် ပတ်သက်သော ရုပ်သံမှတ်တမ်းများကို Myanmar Witness မှ သီးခြားလေ့လာ၍ တည်နေရာနှင့် အချိန်ကို တိုက်ဆိုင်စစ်ဆေး အတည်ပြုထားခြင်းကို ဆိုလိုသည်။


အတည်ပြုခဲ့ပြီး - သက်ဆိုင်ရာ အဖြစ်အပျက်၏ တည်နေရာကို အတည်ပြုပြသထားသော ရုပ်သံမှတ်တမ်းများ။ ဆိုလိုသည်မှာ - ရရှိထားသော သတင်းရင်းမြစ်များသည် အခင်းဖြစ်ပွားသည့် အချိန်နှင့် ရက်စွဲကို တိုက်ဆိုင်စစ်ဆေးထားပြီးသား ဖြစ်သည် ဟုဆိုလိုသည်။


တစ်စိတ်တစ်ပိုင်းအတည်ပြုထားပြီး - အချို့သောရုပ်သံမှတ်တမ်းများကို သက်ဆိုင်ရာ အဖြစ်အပျက်၏ တည်နေရာနှင့် တိုက်ဆိုင် စစ်ဆေးပြီးဖြစ်ပြီး၊ သတင်းအရင်းအမြစ်များ အဆိုအရလည်း ထိုအဖြစ်အပျက်များ၏ အချိန်နှင့် ရက်စွဲအပေါ်တွင် ကိုက်ညီမှုရှိသည်။ သို့သော် အခြားသော ဆက်စပ် ရုပ်သံမှတ်တမ်းများ၏ တည်နေရာ (သို့) အချိန်ကိုမူ ယခုလက်ရှိအချိန်တွင် အတည်မပြုနိုင်သေးဟု ဆိုလိုသည်။


အတည်မပြုရသေး - လက်ရှိအချိန်တွင် ရုပ်သံမှတ်တမ်း၏ တည်နေရာနှင့် အချိန်ကို စိစစ်အတည်မပြုနိုင်သေးဟု ဆိုလိုသည်။


တည်နေရာကို ရှာဖွေခြင်း (Geolocation) ကို လုပ်ဆောင်ရာတွင် Open-source အွန်လိုင်းကိရိယာများဖြစ်သော Google Earth ကဲ့သို့ ဆော့ဝဲလ်များကို အသုံးပြု၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ရုပ်သံမှတ်တမ်းတွင်တွေ့ရှိရသော အရာများကို ဂြိုလ်တုဓာတ်ပုံနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်သည်။ ဤကဲ့သို့ စစ်ဆေးမှုကို အတည်ပြုရာတွင် အလွန်တိကျသေချာသော သက်သေပြနိုင်ရန် မဖြစ်မနေလိုအပ်သည်။ Geolocation များကို အတည်ပြုပြီးကြောင်း Myanmar Witness ၏ အစီရင်ခံစာများထဲတွင် မထည့်သွင်းခင် တည်နေရာနှင့် သက်ဆိုင်ရာ အချက်အလက်များကို အပြန်အလှန်စစ်ဆေးပြီး အခြား ပညာရှင်များကပါ ပြန်လည်သုံးသပ် အတည်ပြုပြီးမှ ထည့်သွင်းခြင်း ဖြစ်သည်။ Open-source နည်းပညာကို အသုံးပြု၍ ရှာဖွေတင်ဆက်ရုံသာမက မြေပြင်သတင်းရင်းမြစ်များမှ Myanmar Witness ထံ ပေးပို့ခဲ့သော ရုပ်သံမှတ်တမ်းများကိုပါ ကြည့်ရှုစစ်ဆေး လေ့လာထားသည်။ ထိုပေးပို့ချက်များတွင် ပါရှိသော အချိန်နေရာပြ ဓာတ်ပုံများကိုလည်း ဤအစီရင်ခံစာတွင် အတည်ပြုနိုင်ရန် ကြိုးပမ်းထားသည်။


မျက်မြင်သက်သေထွက်ဆိုချက်များ သို့မဟုတ် ပြင်ပမှအစီရင်ခံစာများ အပါအဝင် မစစ်ဆေးရသေးသော အချက်အလက်များကို ကိုင်တွယ်ဖြေရှင်းရပါက၊ Myanmar Witness မှ အဆိုပါ အချက်အလက်များကို စွပ်စွဲချက်များအဖြစ် ပဏာမသတ်မှတ်ထားပြီး Myanmar Witness မှ သီးခြားစီစစ်ခြင်း မလုပ်ဆောင်ရသေးသည့် အချက်အလက်များအဖြစ် မှတ်သားထားသည်။ သို့သော် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ထိုပြင်ပမှ အချက်အလက်များကို သက်ဆိုင်သော နောက်ခံအကြောင်းအရာ အချက်အလက်များ အဖြစ် အလျင်းသင့်သလို ထည့်သွင်းလေ့ရှိသည်။ ကျင့်ဝတ်စံနှုန်းများအတိုင်း လိုက်နာနိုင်စေရန် Myanmar Witness အနေဖြင့် ပါဝင်ပတ်သက်သူများ၏ အချက်အလက်များ အား မပေါက်ကြားစေရန် ထိန်းသိမ်းထားခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ/ လူအများအားမသိစေချင်သော အချက်အလက်များနှင့် ရုပ်ပုံများကို တော်သင့်သလို ဆင်ဆာဖြတ်ထားခြင်း၊ ပုဂ္ဂလိကတစ်ဦးချင်းစီနှင့် သက်ဆိုင်နေသော အချက်အလက်များကို ဖယ်ရှားပြီး အဆိုပါအချက်အလက်များကို လုံခြုံစွာသိမ်းဆည်းထားပါသည်။ အခြေအနေပေါ်မူတည်၍ Myanmar Witness အနေဖြင့် မိမိတို့၏ အစီရင်ခံချက်များတွင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံရိပ်များကို ဆင်ဆာဖြတ်ထားခြင်း (သို့) ဖယ်ထုတ်ခြင်းများ ပြုလုပ်ထားပါသည်။

ကန့်သတ်ချက်များ

Myanmar Witness မှရရှိသောအချက်အလက်များသည် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများမှ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် ရွေးချယ်ရာတွင် ဘက်လိုက်မှုများ ရှိနိုင်သည်ဟု ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အင်တာနက်ပေါ်တွင် အပ်လုဒ်တင်ခြင်းအတွက် အန္တရာယ်ပြုခံရမည်ကို ကြောက်ရွံ့ခြင်း၊ တရားဝင်သတင်းရင်းမြစ်များမှ သတင်းအချက်အလက်မရရှိနိုင်ခြင်းနှင့် အင်တာနက်အသုံးပြုခွင့်မရှိခြင်း စသည့်အချက်ပေါင်းများစွာကြောင့် ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် Myanmar Witness မှ အတည်ပြုနိုင်သည့် မီဒီယာပမာဏတွင် အကန့်အသတ်များရှိသည်ဟု ယူဆနိုင်သည်။ Myanmar Witness အနေဖြင့် ထိုကဲ့သိုသော ရွေးချယ်မှုဘက်လိုက်ခြင်းများကို ရှောင်ရှားနိုင်ရန်အတွက် လူအများသုံးပြုနိုင်သော အရင်းအမြစ် (open source) ဖြင့် စုံစမ်းမှုများတွင် ဘာသာစကားမျိုးစုံဖြင့် သက်ဆိုင်ရာ သီးသန့်စကားလုံးများကိုလည်းကောင်း၊ အဓိပ္ပာယ်ကျယ်ပြန့်မှုရှိသည့် ရှာဖွေမှုစကားလုံးများကို လည်းကောင်း အသုံးပြုသည့်အပြင် ဆိုရှယ်မီဒီယာ နှင့် အစိုးရကို ထောက်ခံသော (သို့) ဆန့်ကျင့်သော မတူညီသော သတင်းရင်းမြစ်များ မှ မီဒီယာမျိုးစုံကိုလည်း ဆန်းစစ်လေ့လာခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရွေးချယ်မှုဘက်လိုက်မှုကို လျှော့ချခြင်း နှင့် သတင်းရင်းမြစ်မျိုးစုံမှ အချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။


ဤဖြစ်စဉ်များတွင် ဖော်ပြထားသော အသုံးပြုသူများမှ တင်သွင်းခဲ့သော မှတ်တမ်းများ (User Generated Content) တွင်ပါရှိသော ရုပ်ပုံများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများ မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည်ကို အတိအကျ မဖော်ပြနိုင်ခဲ့ပါ။ အချို့ရုပ်ပုံများတွင် ဓာတ်ပုံရိုက်ကူးခဲ့သည့် အချိန်ကို ဖော်ပြထားသော စာပါရှိသော်လည်း ထိုစာမှာ ရိုက်ကူးခဲ့သည့်အချိန်ကို အကဲဖြတ်ရန် ယုံကြည်စိတ်ချရသော နည်းလမ်းမဟုတ်ပါ။ ထို့ကြောင့် Myanmar Witness အနေဖြင့် ဖြစ်ရပ်နှင့်ပတ်သက်သည့်အချိန်များကို အတိအကျ အတည်မပြုနိုင်သေးဘဲ ဤသတင်းပေးပို့ချက်များထဲရှိ အချိန်များကို Myanmar Witness မှ သီးခြားစိစစ်ထားခြင်းမဟုတ်သော တိုင်ကြားမှုယူဆချက်များအဖြစ် အစီရင်ခံတင်ပြထားပါသည်။


သေဆုံးနေသော အရပ်သားများ၏ ရုပ်ပုံများနှင့် ၎င်းတို့သေဆုံးခဲ့သောနေရာဟုဆိုသည့် ကျေးရွာနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ခြင်း မရှိသေးပါ။ အသတ်ခံရသည်ဟု ယူရသည့်ကလေးငယ်၏ ရုပ်ပုံများကို Myanmar Witness မှ လက်ခံရရှိခဲ့ပြီး ၎င်း၏ဒဏ်ရာများကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ ဖြစ်ရပ်ကိစ္စတစ်ခုချင်းစီနှင့် ဆက်စပ်နေသော သက်သေအထောက်အထား အနည်းငယ်မျှသာရှိသောကြောင့် ထိုအခင်းဖြစ်စဉ်များအားလုံးကို လက်ရှိအချိန်တွင် တစ်စိတ်တစ်ပိုင်းအထိသာ အတည်ပြုပြီးသားအဖြစ် သတ်မှတ်ထားသည်။ ဤအစီရင်ခံစာသည် မူရင်းအစီရင်ခံစာ၏ နောက်ဆက်တွဲဖြစ်ပြီး မင်းတပ်မြို့နယ်အတွင်း စုံစမ်းစစ်ဆေးမှုများနှင့် အရပ်သားများ နေထိုင်ရာဒေသများအတွင်း မြန်မာစစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့နိုင်ချေရှိကြောင်းကို လေ့လာသုံးသပ်ထားသော အစီရင်ခံစာဖြစ်သည်။


မင်းတပ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အစီရင်ခံတင်ပြချက်မြေပုံ

ပုံ - ၄။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို Myanmar Witness မှ Openstreetmap ကို အသုံးပြု၍ မှတ်တမ်းတင်ထားပုံ


မွီတွီ ကျေးရွာတွင် အသတ်ခံခဲ့ရသော အရပ်သားများ (တစ်စိတ်တစ်ပိုင်းစိစစ်ပြီး)

နောက်ခံအကြောင်းအရာ


၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အထက်ပါ ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားနေသည့် သတင်းများကို CDF Mindat မှ ၎င်းတို့၏ နေ့စဥ်အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ အစီရင်ခံချက်အရ ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် CDF (မင်းတပ်) မှ မင်းတပ်မြို့ဝင်ပေါက်ဂိတ် [ကိုဩဒိနိတ် - 21.378138, 93.994441] ကို တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်မှ စစ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့နောက်တွင် (ခမရ) ၂၇၄ မှ အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ ဘောင်ထဲကျေးရွာ အနီးရှိ တောင်တန်းများအနီးသို့ ကျရောက်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ ဤဖြစ်ရပ်ကို အတည်ပြုနိုင်ရန်အတွက် ရုပ်သံမှတ်တမ်း မရှိသေးပါ။


အိုးအိမ်ဖျက်ဆီးမှုများကို တည်နေရာရှာဖွေခြင်း


ဇွန်လ ၁၆ ရက် နံနက်ပိုင်း၌ မွီတွီကျေးရွာရှိ အရပ်သားနေအိမ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ The Mindat Post က သတင်းပေးပို့ခဲ့သည်။ ပျက်စီးနေသော နေအိမ်တစ်ခုကို ပြသထားသည့် ဓာတ်ပုံများထဲမှ တစ်ပုံသည် ရွာ အလယ်ခေါင်တွင်ရှိသော တည်နေရာ [ကိုဩဒိနိတ် - 21.429482၊ 93.919148] (ပုံ ၅၊ ၆ နှင့် ၇) တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ ဖျက်ဆီးမှုသည် (ခမရ) ၂၇၄ တပ်ရင်းမှ အမြောက်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဖြစ်နိုင်သည်ဟုလည်း စွပ်စွဲထားကြသည်။

ပုံ - ၅။ ။ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည်ဟု ယူဆထားသော နေအိမ်များကိုပြသော Mindat Post မှ တင်ခဲ့သည့် ပုံများ။


ပုံ - ၆။ ။ တည်နေရာအညွှန်း 21.429482, 93.919148 ဝန်းကျင်ရှိ မွီတွီရွာကိုပြသထားသော ပုံများထဲမှ တစ်ပုံကို တည်နေရာခြေရာခံထားပုံ

ပုံ - ၇။ ။ မွီတွီရွာရှိ အိမ်၏ တည်နေရာ အသေးစိတ်ကို ပြသထားသည့် ထိုဧရိယာ၏ ဂြိုလ်တုပုံရိပ်

အသေအပျောက် သတင်းပေးပို့ချက်များကို လေ့လာခြင်း


[သတိပေးချက်- စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်သံများ] The Mindat Post [သတိပေးချက် - စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်သံများ] နှင့် The CDF Mindat မှ သတင်းပေးပို့မှုများတွင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် မွီတွီကျေးရွာ၌ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တင်ပြခဲ့သည်။ သေဆုံးသူများဟု ယူဆထားကြသောသူများမှာ အသက် ၆၀ နှစ် အထက်ရှိသော သက်ကြီးရွယ်အို နှစ်ဦးနှင့် ထိုဖြစ်စဉ်ဖြစ်ပွားနေစဉ်အတွင်း လယ်ကွင်းတစ်ကွင်း၌ အလုပ်လုပ်နေသော အသက် ၃ဝ အရွယ် အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်။


Myanmar Witness အနေဖြင့် The Mindat Post မှ သတင်းပေးပို့ခဲ့သည် အဖြစ်အပျက် ရုပ်သံမှတ်တမ်းကို လေ့လာဆန်းစစ်ခဲ့သည်။ ထိုမှတ်တမ်းများထဲတွင် ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးခဲ့သည်ဟု ယူဆရသည့် လူသုံးဦးကို ပြသထားသည်။ ထိုထဲမှ လူပုဂ္ဂိုလ်နှစ်ဦး၏ မျက်နှာများမှာ မှောက်လျက်အနေအထား ဖြစ်နေသောကြောင့် ၎င်းတို့၏ အသက်အရွယ်ကို မခွဲခြားနိုင်သော်လည်း ၎င်းတို့ထဲမှ တစ်ဦးမှာ အမျိုးသမီးဖြစ်သည်ဟု ယူဆရကာ ကျန်တစ်ဦးမှာ ဦးခေါင်း၌ ဒဏ်ရာ အပြင်းအထန် ရရှိထားကြောင်း တွေ့ရှိခဲ့ရသည်။ တင်ပြချက်များထဲမှ အသက် ၃၀ အရွယ်အမျိုးသမီး၏ ပုံပန်းသဏ္ဍာန် နှင့် ကိုက်ညီသည့် နောက်ထပ် အမျိုးသမီးတစ်ဦးကိုမူ သူမ၏ ဗိုက်တွင် ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးနေကြာင်း တွေ့မြင်ခဲ့ရသည်။ ဤပုံများကို Myanmar Witness မှ တည်နေရာစုံစမ်းစစ်ဆေးခြင်း သို့မဟုတ် အခြားနည်းဖြင့် အတည်ပြု၍မရနိုင်ခဲ့ပါ။



ပုံ - ၈။ ။ ချင်းပြည်နယ်၊ မွီတွီကျေးရွာရှိ လယ်ကွင်းတွင် အလုပ်လုပ်နေစဉ် အမြောက်ကျည်ထိမှန်၍ သေဆုံးခဲ့သည်ဟု ယူဆထားကြသော လူသုံးဦး။


မဒပ်ကျေးရွာတွင် ကလေးသေဆုံးမှု (တစ်စိတ်တစ်ပိုင်းစိစစ်ပြီး)

မဒပ်ကျေးရွာတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှုနှင့် စပ်လျဉ်းသည့် ဓာတ်ပုံများကို Myanmar Witness က လေ့လာဆန်းစစ်ခဲ့သည်။ အဆိုပါ ကလေးငယ်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အခြားကလေးငယ်တစ်ဦး၏ အစ်ကိုဖြစ်သည်ဟုလည်း စွပ်စွဲယူဆထားကြပြီး ထိုအကြောင်းကို Myanmar Witness ၏ အစီရင်ခံစာတစ်ခု ဖြစ်သော မင်းတပ်မြို့နယ် မဒပ်ကျေးရွာတွင် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိမှု တွင် အသေးစိတ်ဖော်ပြထားသည်။


အိမ်၏ တည်နေရာပြ ပုံရိပ်များ


Myanmar Witness အနေဖြင့် မဒပ်ကျေးရွာရှိ ထိုယောကျ်ားကလေး နှစ်ဦးနေထိုင်ရာဟု ယူဆရသည့် ပျက်စီးသွားသော နေအိမ်ပုံများကို မှတ်တမ်းတင်ထားသည်။ ပထဝီတည်နေရာပြပုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များ ကို ပေါ်လွင်စေသဖြင့် ကိုသြဒိနိတ်များနှင့် တည်နေရာပြမြေပုံများကို ဖုံးကွယ်ထားပါသည်။ ပုံ - ၉ နှင့် ၁၀ တွင် Myanmar Witness အနေဖြင့် အိမ်၏ အနေအထားပုံများနှင့် နောက်ခံရှုခင်း၏ အင်္ဂါရပ်များကို အာရုံစိုက်ပြသထားသည်။ ထိုထဲတွင် တည်နေရာကိုရှာဖွေရာတွင် ကိုက်ညီအတည်ပြုခဲ့ရသော တောင်ကုန်းစောင်းပုံနှင့် အိမ်၏ ဘေးလမ်းကြားငယ်လေးတို့ကို ပြသထားသည်။

ပုံ - ၉။ ။အမြောက်ကျည်ဆန်များကြောင့် ဒဏ်ရာရသွားခဲ့သည်ဟု ဆိုသော ကလေးငယ်၏အိမ်ပုံကို တစ်စိတ်တစ်ပိုင်း ဖြတ်တောက်တည်းဖြတ်ထားသည့်ပုံ။ ဤအဆောက်အအုံ၏ အခြားပုံများတွင် သွေးစွန်းနေမှုများ ပါဝင်သည်။

ပုံ - ၁၀။ ။သစ်ပင်တစ်ပင်မှ ဖုံးကွယ်ထားသော အကွေ့အကောက်များနှင့် အမိုးအကာများ၊ Google Earth နှင့် တိုက်ဆိုင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိသော တောင်စောင်းများ။


အခင်းဖြစ်ပွားချိန်


CDF Mindat ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ နယ်မြေအတွင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခဲ့လျက်ရှိပြီး အသုံးပြုသူကိုယ်တိုင်မှ တင်သွင်းထားသော အကြောင်းအရာများ နည်းပါးခြင်းတို့ကြောင့် Myanmar Witness မှ ဤဖြစ်စဉ်၏ အချိန်အတိအကျကို အပြည့်အဝ အတည်မပြုနိုင်သေးပါ။ အိမ်၏ ဓာတ်ပုံများတွင် တွေ့မြင်ရသည့် အချိန်ရည်ညွှန်းရာ စာသားများ (ပုံ - ၁၁) တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ဟု ရေးသားထားပြီး လက်တွေ့အဖြစ်အပျက်ထက် ငါးရက်နောက်ကျနေကြောင်း တွေ့နိုင်သည်။

ပုံ - ၁၁။ ။ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့် Myanmar Witness မှ ကလေး၏အိမ်ပုံကို တည်းဖြတ်ထားပြီး နာမည်ကို ဖုံးကွယ်ထားသည်။ ပုံတွင် အခြားသော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားခြင်းမရှိပါ။ ပုံ၏ဘယ်ဘက်အောက်ခြေရှိ အချိန်ပြ အမှတ်အသားတစ်ခုသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဒေသစံတော်ချိန် မနက် ၇ နာရီ ၂၉ မိနစ် တွင် ရိုက်ကူးခဲ့ကြောင်း ညွှန်ပြထားသည်။


အဖြစ်အပျက်ကို လေ့လာစိစစ်ခြင်း

နေအိမ်ပျက်စီးခြင်း။


[သတိပေးချက်- စိတ်မချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ] ပျက်စီးနေသော အိမ်၏ ရုပ်ပုံမှတ်တမ်း တစ်ခုကို Myanmar Witness မှ လက်ခံရရှိခဲ့ပြီး ထိုမှတ်တမ်းထဲတွင် အိမ် သစ်သားနံရံ၏အပြင်ပိုင်းတွင် သေးငယ်သော်လည်း နံရံအတွင်းပိုင်း၌ ပို၍ကြီးမားသော အပေါက်တစ်ခုကို တွေ့ခဲ့ရသည်။ ဤပျက်စီးမှုပုံံစံသည် အဆောက်အအုံနံရံသို့ ထိုးဖောက်ဝင်ရောက်သည့် အင်အားမှာ ပြင်းထန်ကြောင်းပြသလျက်ရှိပြီး အတွင်းပိုင်းတွင် ပိုမိုကြီးမားသော အပျက်အစီး အစိတ်အပိုင်းတစ်ခုအဖြစ် ကျန်ခဲ့ကြောင်း ညွှန်ပြလျက်ရှိသည်။


ကျည်ဆံ နှင့် ဖျက်စီးနိုင်စွမ်းအား ခွဲခြမ်းစိတ်ဖြာခြင်းနည်းကို အသုံးပြု၍ Myanmar Witness သည် နေအိမ်၏ သစ်သားနံရံပျက်စီးမှုအား ပြသသော ရုပ်သံမှတ်တမ်းကို ဆန်းစစ်လေ့လာခဲ့သည်။ ထိုရုပ်သံမှတ်တမ်းထဲတွင် တွေ့မြင်ရသောအတွင်းနှင့် အပြင်ရှိအပေါက်နှစ်ခုသည်တူညီပြီး မတူညီသောရှုထောင့်ကနေသာ ရိုက်ကူးထားကြောင်းကို မပြနိုင်မီ ရုပ်သံမှတ်တမ်း ပြီးဆုံးသွားခဲ့သည်။ သို့သော် အတွင်းဘက်နံရံကို မထပ်မီ အပေါက်တစ်ပေါက်နှင့် နံရံကိုအထပ်ထပ်ပြုလုပ်ရန် အသုံးပြုသည့် သစ်သားပျဉ်များသည် အတွင်းပိုင်းပျဉ်ပေါ်တွင် အနည်းငယ်ထပ်နေ၍ အပေါက်ပါသောပျဉ်သည် ပိုမိုမြင့်မားသောပျဉ်ပြားနှင့် ထပ်နေမည် (ပုံ၊ ၁၂)။


နံရံ၏ပတ်လည်ရှိ ခြောက်သွေ့နေသော မီးခိုရောင်သစ်သားများ နှင့် သစ်သားအရောင်အသစ်ကို နှိုင်းယှဉ်ခြင်း၊ အတွင်းဘက်တွင် ကွဲထွက်သွားသော အပေါက်ဝတို့ကို နှိုင်းယှဉ်ကြည့်ပါက တစ်စုံတစ်ခုမှာ အရှိန်အဟုန်ဖြင့် သစ်သား အသားထဲသို့ ဖောက်ထွက်သွားကြောင်း ယူဆနိုင်သည်။ ရုပ်သံမှတ်တမ်းကို ကြည့်ရှုပါက သစ်သားနံရံများမှာ သိပ်သည်းဆနည်းပါးပုံရပြီး အထူးသဖြင့် အတွင်းပိုင်းရှိ သစ်သားစကွဲထွက်မှုကို ကြည့်မည်ဆိုလျှင် သိသာနိုင်သည်။ ထိုကဲ့သို့ သိပ်သည်းဆနည်းသော သစ်သားနံရံကြောင့် ပေါက်ကွဲမှုမှ အပိုင်းအစများသည် သစ်သားကိုထိုးဖောက်ကာ ထိုအချိန်၌ အိမ်ထဲတွင်ရှိနေသော ကလေးကို ထိခိုက်သွားသည်ဟုလည်း ယူဆနိုင်သည်။


ကနဦးထိုးဖောက်ဝင်ရောက်မှု အပေါက်၏ ညာဘက်တွင် အခြားထိုးဖောက်မှု ဒဏ်ချက်ကိုတွေ့ရသော်လည်း ထို ဒုတိယမြောက်ထိုးဖောက်မှု၏ အပေါက်ကို အတွင်းပိုင်းတွင် မတွေ့ရပါ။ ထို ဒုတိယဒဏ်ချက်မှာ ပိုမိုကြီးမားသော်လည်း သစ်သားပျဉ်ပေါ်တွင် သိသာထင်ရှားစွာမတွေ့ရသလို၊ အတွင်းပိုင်းတွင်လည်း ဒုတိယအပေါက်ကို မမြင်ရပါ (ပုံ - ၁၃)။ ဒုတိယဒဏ်ချက်သည် ပိုမိုကြီးမားသော်လည်း အတွင်းပိုင်း၌ ထွက်ပေါက်မတွေ့ရသည့်အချက်မှာ ဘယ်ဘက်ရှိ ပထမဒဏ်ချက်မှ သစ်သားစများ လွင့်စင်ပြီး ထိခိုက်သွားသောကြောင့် ဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။


ပုံ - ၁၂။ ။ ကလေးငယ်၏ အိမ်တွင် တွေ့မြင်ရသော အမှတ်အသား နှစ်ခု - တစ်ခုသည် သစ်သားနံရံအား အပြည့်အဝ ဖောက်ထွက်သွား၍ အပေါက်ဖြစ်သွားပြီး (ဘယ်ဘက်) ကျန်တစ်ခုမှာ ထိုးဖောက်ဝင်ရောက်သွားခြင်း မရှိကြောင်း တွေ့မြင်နိုင်သည် (ညာဘက်)။ အပေါက်ဖြစ်သွားသော အမှတ်အသားကို ကြည့်လျှင် အဝင်လမ်းကြောင်းတွင် သေးငယ်သော အပေါက်အဖြစ်ဖြင့် ဝင်ရောက်သွားပြီး အထွက်တွင် သစ်သားနံရံကိုပါ ပဲ့သွားစေသည့် အပေါက်အကြီးအဖြစ် ကွဲထွက်သွားကြောင်းတွေ့နိုင်သည်။ ညာဘက်ရှိ အမှတ်အသားမှာမူ အဝင်လမ်းကြောင်းတွင် သစ်သားနံရံကို ထိခိုက်၍ ကွဲထွက်သွားစေသော်လည်း အထွက်တွင် အပေါက်မဖြစ်သွားကြောင်း တွေ့ရှိနိုင်သည်။ ဤအမှတ်အသားများမှာ တစ်ခုထက်ပိုပြီး အောက်ခံရှိ သစ်သားစ အစိတ်အပိုင်းအသစ်ကို တွေ့ရှိရသောကြောင့် ဤထိုးဖောက်ဝင်ရောက်မှုများမှာ မကြာသေးမီကမှ ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ယူဆနိုင်သည်။


ပုံ - ၁၃။ ။ ထိုးဖောက်ဝင်ရောက်မှု အမှတ်အသား နှစ်ခုကို ဘေးတိုက်အနေအထားဖြင့် ပြသထားပုံ။ ထို ထိုးဖောက်မှုကြောင့် သစ်သားစ အသစ်ကို မြင်နေရပြီး တစ်ခုမှာ အခြားတစ်ခုထက် ပို့မြင်သာ၍ ပိုလည်းကြီးမားသည်။

Myanmar Witness သည် အိမ်အတွင်းပိုင်းရှိ ရုပ်သံမှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာပြီး ဖြစ်သည်။ (ထိုမှတ်တမ်းကို တောင်းဆို ကြည့်ရှုနိုင်ပါသည်)။ ရုပ်သံမှတ်တမ်းမှ လူတစ်ဦးပြောကြားချက်အရ ထို ကလေးငယ်က ဒဏ်ရာရရှိ၍ မသေဆုံးခင် ထမင်းစားနေခဲ့သည်ဟု ဆိုသည်။ သစ်သားနံရံရှိအပေါက်သည် ကလေးငယ်ထိုင်ခဲ့သည့် နေရာဟု ယူဆရသည့် ခုံနေရာနှင့် ကိုက်ညီမှုရှိသည်။ အိမ်အတွင်းရှိ ကြမ်းပြင်တွင် ခြေရာများတွေ့ရှိရသောကြောင့်လည်း ထိုမှတ်တမ်းမရိုက်ကူးမီ လူတစ်ဦးရှိနေကြာင်းကို ကောက်ချက်ချနိုင်သည်။

ပုံ - ၁၄။ ။ အိမ်အတွင်းရှိ ခြေရာများကို တွေ့မြင်ရပုံ။ ဤသည်မှာ ဓာတ်ပုံမရိုက်မီ အချိန်ပိုင်းအတွင်း အိမ်အတွင်း၌ လှုပ်ရှားသွားလာမှုများ ရှိနေနိုင်သည်ဟု ယူဆနိုင်သည်။ ဤဓာတ်ပုံထဲတွင် မြင်ရသောမြှားမှာ သစ်သားနံရံရှိ အပေါက်သည် (လေးထောင့်အနီရောင်ဖြင့် ဝိုင်းထားသော) ထိုင်ခုံနှင့် တစ်တန်းတည်းဖြစ်နိုင်ကြောင်း ပြသထားခြင်းဖြစ်ပြီး အခင်းဖြစ်ပွားနေစဉ်အချိန်အတွင်း (အထူးသဖြင့် ကလေးငယ်မှာ ထမင်းစားနေခဲ့သည် ဟု ဆိုကြသောကြောင့်) ကလေးငယ်မှာ ထိုနေရာ၌ ထိုင်နေနိုင်ခဲ့ချေ ရှိသည်။


ကလေးငယ်၏ဒဏ်ရာများ


သတိပေးချက် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ အကြောင်းအရာနှင့် ဖော်ပြချက်များပါရှိသည်။


Myanmar Witness မှ လက်ခံရရှိသော ဓာတ်ပုံများတွင် သေဆုံးလျက်ရှိသော ယောကျ်ားလေးတစ်ဦး၏ ပုံများ ပါဝင်ပြီး ၎င်းဝတ်ဆင်ထားသော အဖြူရောင်အဆင်ကွက်များပါရှိသည့် တီရှပ်အင်္ကျီအဖြူမှာ လန်နေလျက်ရှိပြီး ဒဏ်ရာတစ်ခုကိုလည်း မြင်တွေ့ရနိုင်သည်။ ထိုဒဏ်ရာကြောင့် ၎င်းသေဆုံးသွားသည်ဟုလည်း သတင်းရရှိထားသည်။ ပုံထဲတွင် အဆောင်ပုတီးကဲ့သို့သော ပုတီးစေ့များကိုလည်း တွေ့ရှိရသောကြောင့် ကလေးသေဆုံးပြီးနောက်တွင် ၎င်း၏ လက်၌ ထိုပုတီးစေ့များ ချိတ်ဆွဲထားကြောင်း ညွှန်ပြလျက်ရှိသည်။


ထိုကလေး၏ ဘယ်ဘက်ရင်ဘတ်တွင် ရှိသော ဒဏ်ရာကို ကြည့်ခြင်းအားဖြင့် ချွန်ထက်သော အရာတစ်ခုဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ယူဆနိုင်သည်။ ၎င်းတွင့် ပတ်ထားသော ပတ်တီးကို ကြည့်ရှုရာတွင် ထိုနေရာ၌ သွေးထွက်နေကြောင်း သိရသော်လည်း တီရှပ်အင်္ကျီအပေါ်တွင်တော့ သွေးများကို မတွေ့ရပါ။ ဤသည်မှာ အင်္ကျီကို ကလေးငယ် ဒဏ်ရာရရှိပြီးနောက်မှ ဝတ်ဆင်ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။


ကလေး၏နှာခေါင်းနှင့် ပါးစပ်ကို ဂွမ်းဖြင့်ဖုံးထားပုံရပြီး ကလေး၏နှာခေါင်းအနီးတွင် သွေးစီးကြောင်းများ စီးကျနေသည်ကို တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ ကလေးအနေဖြင့် ၎င်း၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်ရှိခဲ့ကြောင်း ယူဆနိုင်ပြီး ထိုသို့ဖြစ်ရခြင်းမှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရရှိခဲ့သော ဒဏ်ရာများကြောင့် ဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။ လူတစ်ဦး၏ ‘Hemoptysis’ ဟုခေါ်သော အဆုတ်၊ လေပြွန်၊ အစာပြွန် (သို့) အစာအိမ် ကို ထိမှန်ပါက ပါးစပ်နှင့် နှာခေါင်းမှ ဤကဲ့သို့ သွေးများထွက်နိုင်သည်။ ဤဖြစ်ရပ်တွင်မူ ကလေးငယ်၏ ဘက်ဘတ်ရင်အုံ အပေါ်ပိုင်းတွင် ချွန်ထက်သော ဒဏ်ရာကို တွေ့ရသောကြောင့် ၎င်း၏ အဆုတ်ထိခိုက်ပြီး ဓာတ်ပုံထဲတွင် တွေ့ရသကဲ့သို့ သွေးများထွက်နေကြောင်း ယူဆနိုင်သည်။ ဤကလေးငယ်၏ ဓာတ်ပုံများသည် စိတ်မချမ်းမြေ့ဖွယ်ရာကောင်းသော ပုံများဖြစ်သော်လည်း ကြည့်ရှုလိုပါက တောင်းဆိုမှုအရ ပေးပို့နိုင်ပါသည်။


ထိုကလေးငယ် အသက်ရှင်နေစဉ်အချိန်အတွင်းမှ ဓာတ်ပုံများကိုလည်း Myanmar Witness အနေဖြင့် လက်ခံရရှိထားသည်။ ထိုဓာတ်ပုံများထဲမှ ကလေးငယ်နှင့် သေဆုံးသွားသောကလေးငယ်၏ မျက်နှာသွင်ပြင် လက္ခဏာမှာ တူညီသည်ဟု ယူဆနိုင်သည်။ ဤပုံများသည် စိတ်မချမ်းမြေ့ဖွယ်ရာပုံများဖြစ်သောကြောင့် ဤအစီရင်ခံစာတွင် မထည့်သွင်းထားသော်လည်း တောင်းဆိုမှုအရ ကြည့်ရှုနိုင်ပါသည်။ ဤ အဖြစ်အပျက်များမတိုင်မီ တစ်လအလိုတွင် မင်းတပ်မြို့၌ ဒဏ်ရာရရှိခဲ့သော ကလေးငယ်ကလည်း ယခုဓာတ်ပုံများထဲတွင် သေဆုံးသွားခဲ့သော ကလေးဝတ်ထားသည့် ဂျာကင်အင်္ကျီနှင့် ဆင်တူသော ဂျာကင်အင်္ကျီကို ဝတ်ဆင်ခဲ့ပြီး ထိုအချက်မှာ ၎င်းတို့နှစ်ဦး ဆွေမျိုးတော်စပ်နေနိုင်ကြောင်း ယူဆနိုင်သည် (ပုံ - ၁၅)။ သေဆုံးသွားသော ကလေးငယ်၏ လက်တွင်တွေ့မြင်ရသော ပုတီးစေ့များမှာလည်း အသက်ရှင်လျက်ရှိနေသေးသည့် ကလေးငယ်၏ ဓာတ်ပုံတွင် တွေ့ရသော ပုတီးစေ့များနှင့် ပုံစံဆင်တူနေကြောင်း တွေ့နိုင်သည် (ပုံ - ၁၆)။


ပုံ - ၁၅။ ။ ဆင်တူသော ဂျာကင်အင်္ကျီကိုဝတ်ဆင်ထားသည့် ယောကျ်ားကလေး နှစ်ယောက်၏ပုံရိပ်များ။ ဤသည်မှာ ၎င်းတို့သည် ညီအစ်ကိုများ ဖြစ်နိုင်ချေရှိကြောင်း ပြသလျက်ရှိသည်။


ပုံ - ၁၆။ ။ သေဆုံးသွားသော ကလေးငယ်၏ ဓာတ်ပုံများတွင်ပါရှိသည့် ပုတီးအဆောင်နှင့် ကလေးအသက်ရှင်စဉ်တွင် ဝတ်ဆင်ထားသည့် ပုတီးစေ့များ ဆင်တူရှိမှုကို နှိုင်းယှဉ်ပြသထားခြင်း။


အိမ်အတွင်းရှိ သွေးကွက်များ


နေအိမ်အတွင်းတွင် သွေးကွက်များ ထင်ရှားစွာမတွေ့ရခြင်းမှာ အကြောင်းအမျိုးမျိုးပေါ် မူတည်နိုင်သည်၊ ဥပမာ - အဝတ်အစားအမျိုးအစားနှင့် (သွေးကို) စုပ်ယူမှုနှုန်း၊ ခန္ဓာကိုယ်ထဲတွင် စိုက်ဝင်နေသော အရာက ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေခြင်း၊ တိုက်ခိုက်မှုဖြစ်ပွားရာနေရာမှ ခန္ဓာကိုယ်ကို ဝေးရာသို့ လျင်မြန်စွာ ရွှေ့လိုက်ခြင်း (သို့) ဖြစ်စဉ်များအပြီးတွင် သန့်ရှင်းရေး ပြုလုပ်လိုက်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။


(ပုံ - ၁၇) တွင် အိမ်၏ ကြမ်းပြင်၌ ပုံမှန်မဟုတ်သော စွန်းထင်းမှုများကို တွေ့နိုင်သည်။ ဤသည်မှာ အရည် (သို့) အစားအသောက် တစ်မျိုးမျိုး ဖိတ်စင်ခြင်း သို့မဟုတ် သွေးများ ဖိတ်စင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အချို့စွန်းထင်းမှု အကွက်များကို အစက်အပြောက်ပုံစံ (သို့) ဖိတ်စင်သည့်ပုံစံ အနေဖြင့် တွေ့ရပြီး အချို့သော အကွက်များမှာ အခြားအကွက်များထက် ပို၍ ခြောက်သွေ့နေခြင်း (သို့) မဲမှောင်နေခြင်းကို တွေ့ရသည်။ ဤသည်မှာ စွန်းထင်းမှုများက အသစ် နှင့် အဟောင်း နှစ်ခုစလုံးဖြစ်နေခြင်း (သို့) စွန်းထင်းမှု အမျိုးအစား ကွဲပြားခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ သစ်သားပေါ်တွင် ခြောက်သွေ့နေသော စွန်းထင်းမှုအဟောင်းမှာ ဤကဲ့သို့ တိုက်ခိုက်မှုဖြစ်စဉ်များ မဖြစ်ခင်ကတည်းက စွန်းထင်းနေခဲ့သည်ဟုလည်း ယူဆနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အိမ်အတွင်းမှ ဤအစွန်းအထင်းများသည် အမှန်တကယ်အားဖြင့် သွေးဖြစ်ကြောင်း သက်သေပြရန် လုံလောက်သော အထောက်အထားမရှိပါ။


ပုံ - ၁၇။ ။ အိမ်အတွင်း၏ သစ်သား၌ ပိုမိုနက်မှောင်သော စွန်းထင်းမှုကို ကလေးငယ်၏ အိမ်ကိုပြသော ဗီဒီယိုထဲတွင် တွေ့ရစဉ်။


အသုံးပြုခဲ့နိုင်သည်ဟု ယူဆရသော လက်နက်များကို ဖော်ထုတ်ခြင်း

Myanmar Witness သည် အခင်းဖြစ်ပွားရာနေရာ၌ တွေ့ရှိခဲ့ရသည့် ခဲယမ်းလက်နက်များကို ခွဲခြမ်းစိတ်ဖြာပြီး တပ်မတော်၏ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စိစစ်လေ့လာခဲ့သည်။


ပုံ - ၁၈။ ။ Myanmar Witness ထံပေးပို့ခဲ့သော ဓာတ်ပုံများထဲမှ စစ်တပ်မှ ရွာဘက်သို့ ပစ်ခတ်ခဲ့သည်ဟု ဆိုထားသည့် လက်နက်များနှင့် ကျည်ဆန်များ၏ အကြွင်းအကျန်များပြ မြေပုံ။


ဓာတ်ပုံထဲတွင် ပါဝင်သော ပြည်တွင်းထုတ် ၁၂၀ မမ မော်တာကျည်များ ၏ threaded tailfin, slanted fins နှင့် ခဲယမ်းအရွယ်အစား ကို အကိုးအကားပုံများနှင့် ယှဉ်ကြည့်ပါက တူညီနေကြောင်း Myanmar Witness အနေဖြင့် တွေ့ရှိခဲ့သည်။ (ပုံ - ၁၉)


ပုံ - ၁၉။ ။ အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိရသည်ဟူသော ဆိုရှယ်မီဒီယာမှ ဓာတ်ပုံ နှစ်ပုံ (အစိမ်းရောင်ဖြင့် ပြသထားသည်)။ ထိုပုံများကို ၁၂ဝ မမ အမြောက်ကျည်ပုံများဖြင့် နှိုင်းယှဉ်ပြသထားပုံ။

ရက်စွဲအတိအကျမပါသော တရားဝင် စာရွက်စာတမ်းတစ်ခုဖြစ်သည့် “မြန်မာ့တပ်မတော်၏ပစ္စည်းစာရင်း” ခေါင်းစဉ်ပါ စာရွက်စာတမ်းကို Myanmar Witness မှ ဘာသာပြန်ဆိုခဲ့ပြီး အဆိုပါ စာရွက်စာတမ်းတွင် မြန်မာစစ်တပ်မှ အနည်းဆုံးအနေဖြင့် ၁၂ဝ မမ အမြောက်ကျည် အမျိုးအစား (၃) မျိုးအား တရားဝင် အသုံးပြုထားကြောင်း ဖော်ပြထားသည် (ပုံ - ၂ဝ)။


ပုံ - ၂၀။ ။ ရက်စွဲအတိအကျမပါသော တရားဝင် စာရွက်စာတမ်းတစ်ခုဖြစ်သည့် “မြန်မာ့တပ်မတော်၏ ပစ္စည်းစာရင်း” ခေါင်းစဉ်ပါ စာရွက်စာတမ်းတွင် ဖော်ပြထားသော ၁၂ဝ မမ အမြောက်ကျည် အမျိုးအစား (၃) မျိုးအား မြန်မာစစ်တပ်မှ ပိုင်ဆိုင်ထားကြောင်းပြပုံ။


(Myanmar Witness မှ အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုထားသည်)


၂ဝ၂၂ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် တင်ထားခဲ့သည် ဒရုန်းရုပ်ပုံမှတ်တမ်းများတွင် ပါရှိသော (ခမရ) ၂၇၄ စစ်စခန်း [ကိုဩဒိနိတ် - 21.373507, 93.935312] ၏ ဝန်းကျင်တွင် အနောက်မြောက်ဘက်သို့ ချိန်ရွယ် ဦးတည်ထားသော လက်နက်ကြီး တစ်ခုကို တွေ့နိုင်သော်လည်း ထိုဦးတည်ချက်မှာ မဒပ်ကျေးရွာဘက်သို့ ချိန်ရွယ်ထားခြင်း မဟုတ်ပေ (ပုံ - ၂၁)။ လက်နက်ကြီး၏ သိသိသာသာ ကွာဝေးသော အကွာအဝေး နှင့် အတိုင်းအတာ ကန့်သတ်ချက်များကြောင့် Myanmar Witness အနေဖြင့် ၎င်း၏ မော်ဒယ် နှင့် အမျိုးအစားကို တိတိကျကျ မဖော်ထုတ်နိုင်ခဲ့ပါ။


ပုံ - ၂၁။ ။ (ခမရ) ၂၇၄ စစ်စခန်းရှိ စစ်ယာဉ်တန်းတည်ရှိရာနေရာတွင် တွေ့မြင်ရသော ပစ်ခတ်မှု ပြုလုပ်ရန် အနေအထားဖြင့် ထားရှိထားသည့် အရာဝတ္ထုများကို အဖြူရောင် စက်ဝိုင်းနှစ်ခုဖြင့် ဝိုင်းထားပုံ။


ပုံ - ၂၂။ ။ (ခမရ) ၂၇၄ စစ်အခြေစိုက်စခန်းအား ၂ဝ၂၂ ခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း ရိုက်ကူးထားသော Planet Imagery ဂြိုလ်တုဓာတ်ပုံ တွင် တွေ့မြင်ရပုံ။ ဤပုံရိပ်ထဲတွင် Howitzer နှင့် Mortar လက်နက်များသည် အခင်းဖြစ်ပွားပြီးနောက်တွင် တူညီသော အနေအထားတွင် ဆက်လက်ရှိနေကြောင်း တွေ့မြင်နိုင်သည်။ လက်နက်ခဲယမ်း၏ တည်နေရာကို ပြသနိုင်ရန်အတွက် အဖြူရောင် အဝိုင်းငယ်တစ်ခုဖြင့် ဝိုင်းပြထားပြီး အခြား တည်းဖြတ်မှုများ မပြုလုပ်ထားပါ။


ပစ်ကွင်းဝန်းကျင်တွင် တွေ့မြင်ရသော ဒုတိယမြောက် လက်နက်ကြီးမှာ ဆိုဗီယက်နိုင်ငံမှ ထုတ်လုပ်သော D-30 ၁၂ဝ မမ Howitzer ဖြစ်သည်။ သို့သော် Howitzer ၏ ပစ်ခတ်လိုက်သော ကျည်ဆံများမှာ အထက်ဖော်ပြပါ အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိရသော ကျည်ခွံများနှင့် မတူညီပါ။


ကြာအိမ်နူးကျေးရွာတွင် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ် (တစ်စိတ်တစ်ပိုင်းစိစစ်ပြီး)

၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် မဒပ်ရွာ၌ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်နှင့် တချိန်တည်းတွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးကြောင့် ဖျက်ဆီး ခံခဲ့ရသည့် အခြား နေအိမ်တစ်လုံးကိုလည်း Myanmar Witness မှ မှတ်တမ်းတင် ထားသည်။ ဤအဆောက်အအုံကို မင်းတပ်မြို့နယ်၊ ကြာအိမ်နူးကျေးရွာတွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယူဆနိုင်သည်။ Zalen သတင်းဌာနမှ ဤအဆောက်အအုံ၏ ပျက်စီးမှု ပုံစံများနှင့် တောင်တန်းဖွဲ့စည်းမှုပုံစံများကို ဓာတ်ပုံအနေဖြင့် တင်ခဲ့ပြီး ထိုဖွဲ့စည်းပုံများ၏ ဖြစ်နိုင်ခြေရှိသော တည်နေရာကိုလည်း အကြံပြုခဲ့သည်။ Myanmar Witness အနေဖြင့်လည်း ထို တည်နေရာရှိ အခြားဓာတ်ပုံများ (ပုံ -၂၃ နှင့် ၂၄) ကိုလည်း ဖိုင်တင်ပြချက်အနေဖြင့် သီးသန့် လက်ခံရရှိခဲ့ပါသည်။

ပုံ - ၂၃။ ။ ကြာအိမ်နူးကျေးရွာတွင် ပျက်စီးသွားသော အဆောက်အအုံများကို တွေ့မြင်ရပုံ။ ဤပုံထဲတွင် ပျက်စီးသွားသော အစိတ်အပိုင်းများကိုတွေ့မြင်နိုင်ပြီး မူလအိမ်၏ အစိတ်အပိုင်း ဖြစ်နိုင်သော အိမ်သာ (သို့) တဲတစ်လုံး ဖြစ်နိုင်သည့် အဆောက်အအုံတစ်ခုကိုလည်း တွေ့မြင်နိုင်သည်။

ပုံ - ၂၄။ ။ လက်နက်ကြီး၏ ပစ်ခတ်မှုကြောင့် (သို့) မီးလောင်မှု တစ်ခုခုကြောင့် အရည်ပျော်ကျသွားသော ပလတ်စတစ်ခြင်းတောင်း တစ်ခုကို တွေ့ရစဉ်။ (ပျက်စီးမှုအကြောင်းအရင်းကို အတည်မပြုနိုင်သေးပါ)။


အဖြစ်အပျက်၏ ပုံရိပ်များကို အခြေခံ၍ တည်နေရာရှာဖွေခြင်း


ကိုဩဒိနိတ် 21.319842, 93.890447 (ပုံ - ၂၅ နှင့် ၂၆) ဝန်းကျင်ရှိ ကြာအိမ်နူးရွာတွင် ပျက်စီးသွားသော အဆောက်အအုံတစ်ခု၏ ဖြစ်နိုင်ခြေရှိသော တည်နေရာကို Myanmar Witness မှ ဖော်ထုတ်ခဲ့သည်။ ပျက်စီးသွားသော အဆောက်အအုံဖွဲ့စည်းပုံကို ကြည့်ရသည်မှာ လူနေအိမ်တစ်လုံးဖြစ်နိုင်ပြီး ရုပ်ပုံထဲတွင် တွေ့မြင်နေရသော အိမ်မှာ မူလအိမ်၏ အပြင်ဘက်တွင်ရှိပြီး အိမ်သာ (သို့) တဲ တစ်ခုဖြစ်နိုင်သည်။ ဓာတ်ပုံ၏ ညာဘက်တွင် ခပ်ဆင်ဆင်တူသော အဆောက်အအုံတစ်ခုကို တွေ့နိုင်သည်။ Google မှ ဓာတ်ပုံများထဲတွင် ဤအဆောက်အဦးနှစ်ခုမှာ အလွန်နီးကပ်နေကြောင်း တွေ့မြင်ရပြီး ၎င်းတို့မှာ ဖွဲ့စည်းတည်ဆောက်ပုံ တစ်ခုတည်းမှ တည်ဆောက်ထားပုံရသည်။ ထို့အပြင် ပျက်စီးသွားသော အဆောက်အအုံမှာလည်း လူနေထိုင်ရာ အိမ်တစ်လုံး ဖြစ်နိုင်သည်

(ပုံ - ၂၇)။ ဤဓာတ်ပုံများတွင် နှင့် ဖော်ထုတ်တွေ့ရှိရသော တည်နေရာများမှာ ကိုက်ညီနေသော်လည်း ဤနေရာမှာ ၁ဝဝ ရာခိုင်နှုန်း တိကျသော တည်နေရာဖြစ်သည်ဟူ၍ ကောက်ချက်မချနိုင်ခဲ့ပေ။


ပုံ - ၂၅။ ။ ဤဓာတ်ပုံများ၏ နောက်ခံမြင်ကွင်းရှိ တောင်တန်းများနှင့် လမ်းကြောင်းများကို တွေ့မြင်နိုင်သည့် အပြင် အဆောက်အအုံ၏ အနောက်မြောက်ဘက်တွင် အစက်ချ၍ပြသထားသော အဆောက်အဦးများ ကို ပေါင်းစည်းဖော်ပြထားသည့် ပုံ။


ပုံ - ၂၆။ ။ တောင်တန်းများ၊ ချိုင့်ဝှမ်းများနှင့် အဆောက်အဦးများ၏ နောက်ခံမြင်ကွင်း ဆင်တူကြောင်းပြသသည့် Google Earth ဂြိုလ်တုပုံရိပ်။


ပုံ - ၂၇။ ။ ကြာအိမ်နူးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းဝန်းကျင်တွင် ပျက်စီးသွားနိုင်ခဲ့သည့် အဆောက်အအုံ ဧရိယာကို ပြသသည့် ဂြိုလ်တုပုံဟောင်း။


ဤပုံကို ၂ဝ၂၂ ခုနှစ်၊ ဇွန်လတွင် ရိုက်ကူးခဲ့ကြောင်း အတည်ပြုနိုင်ရန် အခြားအသေးစိတ် အချက်အလက်များ မရှိပါ။ ထိုဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ ပျက်စီးမှုကို အတည်ပြုနိုင်ရန် ဂြိုလ်တုဓာတ်ပုံများကို အသုံးပြုရာတွင် တောင်ထူထပ်သော ချင်းပြည်နယ်ရှိ ရာသီဥတုအခြေအနေကြောင့် ခက်ခဲခြင်း (သို့) လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းကို အတည်ပြုနိုင်ရန် ခဲယဉ်းမှု တို့ကို ရင်ဆိုင်ခဲ့ရသည်။


နိဂုံး


Myanmar Witness မှ ဆောင်ရွက်ခဲ့သော ပွင့်လင်းရင်းမြစ်အချက်အလက်ကိုသုံးသည့် လေ့လာစိစစ်မှုကြောင့် ကြာအိမ်နူးရွာရှိ နေအိမ်တစ်အိမ်မှ ပျက်စီးမှုအပိုင်းအစ လက်ကျန်များနှင့် အသတ်ခံလိုက်ရသည်ဟူသော ၁၃ နှစ်အရွယ် ကလေးတစ်ဦးနေထိုင်ခဲ့သည့် ပျက်စီးသွားသော အိမ်၏တည်နေရာကို ရှာဖွေရန် အခွင့်ရခဲ့သည်။ Myanmar Witness အနေဖြင့် မဒပ်ရွာရှိ (ယခုအစီရင်ခံစာထဲရှိ ကလေး၏ညီ ဟုယူဆရသော) ကလေးငယ်တစ်ဦး လက်နက်ကြီးကြောင့် ဒဏ်ရာရှိခဲ့မှု ကို လေ့လာဆန်းစစ်ပြီး ရက်အနည်းငယ် အကြာမှာပင် ဤ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်း ဖြစ်သည်။


ဂြိုလ်တုပုံရိပ်များ၊ Google Maps မှ ပုံရိပ်များနှင့် တည်နေရာကိုပြသော ဆိုရှယ်မီဒီယာမှ ပို့စ်များ အပါအဝင် ဤဖြစ်စဉ်များနှင့် ဆက်စပ်နေသော သုံးစွဲသူကိုယ်တိုင်မှ တင်သွင်းခဲ့သော အကြောင်းအရာများ (User Generated Content) ကို နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် တည်နေရာ ကိုဩဒိနိတ်များကို ရှာဖွေတွေ့ရှိခဲ့သည်။


Myanmar Witness အနေဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ (ခမရ) ၂၇၄ အခြေစိုက်စခန်း တည်နေရာ ကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့သည့်အပြင် အခင်းဖြစ်ပြီးနောက် မဒပ်ကျေးရွာတွင် တွေ့ရှိခဲ့ရသည်ဟုဆိုသော ၁၂ဝ မမ အမြောက်ကျည်များကို ပစ်ခတ်နိုင်စွမ်းရှိသည့် လက်နက်ကြီး တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားရာရွာမှာလည်း ထိုလက်နက်ကြီး၏ ပစ်ခတ်မှုအကွာအဝေးနားတွင် ရှိနေကြာင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် အတည်ပြုနိုင်စွမ်းမရှိသည့် သုံးစွဲသူကိုယ်တိုင်မှ တင်သွင်းခဲ့သော အကြောင်းအရာများ (User Generated Content) သာ လက်ခံရရှိခဲ့သည့်အတွက် မဒပ်မြို့တွင် တွေ့ရှိခဲ့ရသော လက်နက်ကျည်များ၊ ၎င်းတို့၏ မူလဇစ်မြစ်များ နှင့် သေဆုံးသွားသော ကလေးငယ်၏ ရုပ်ပုံများကို အတိအကျ အတည်ပြုနိုင်ရန် ခဲယဉ်းပါသည်။


မည်သို့ပင်ဆိုစေကာမူ ဤဖြစ်ရပ်သည် Myanmar Witness ၏ မှတ်တမ်းပြုစုမှုနှင့် စောင့်ကြည့်လေ့လာသုံးသပ်မှုများစွာထဲမှ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အရပ်သားဒေသများတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများဆိုင်ရာ မှတ်တမ်းတစ်ခု နှင့် မဒပ်ကျေးရွာနှင့် သက်ဆိုင်သော ဒုတိယ အစီရင်ခံစာ တစ်ခုလည်း ဖြစ်သည်။ ဤဖြစ်စဉ်ထဲတွင် ၂ဝ၂၂ ခုနှစ်၊ ဇွန်လ၌ မဒပ်ကျေးရွာတွင် အသက်မပြည့်သေးသော ကလေးငယ်တစ်ဦး အသတ်ခံရပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ပင် မွီတွီကျေးရွာ၌ အခြားပုဂ္ဂိုလ်များ သေဆုံးခဲ့သောကြောင့် ဤအဖြစ်အပျက်များကို မှတ်တမ်းတင်အပ်ပါသည်။


အတိုကောက်များစာရင်း

● ခြေမြန်တပ်ရင်း (ခမရ)

● ချင်းကာကွယ်ရေးတပ်မတော်/ Chinland Defense Force CDF


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)